ထားဝယ်မြို့နယ်တွင် ယာဥ်ထိန်းရဲမှူးဟောင်း သေနတ်ပစ်ခတ်ခံရပြီး သေဆုံး

Author အောင်နိူင်သူ
Categories
Published on Aug 30, 2022

စစ်ကောင်စီကို သတင်းပေးနေသည်ဟုဆိုသော ထားဝယ်မြို့နယ်က ယာဥ်ထိန်းရဲမှူးဟောင်းတစ်ဦး ယနေ့ နေ့လည်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု မြို့ခံတွေဆီက သိရသည်။

ထားဝယ်မြို့နယ် မြို့သစ်ရပ်ကွက် ၄လမ်းရှိ ကညနရုံးတွင် ယနေ့နေ့လည်ပိုင်းက ယာဥ်ထိန်းရဲမှူးဟောင်းကို အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက သေနတ်ဖြင့်ပစ်ခတ်ခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“လဝကရုံးနဲ့ ကညန ရုံးကြားက လမ်းမှာ ပစ်သွားတာ သေနတ်ဒဏ်ရာ ငါးချက်ထိတယ် ပွဲချင်းပြီးသေတယ်”ဟုပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရသူမှာ ထားဝယ်မြို့နယ်ယာဥ်ထိန်းရဲတပ်ဖွဲ့မှူးဟောင်း ဦးညွန့်ရွှေဆိုသူဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာကြောင့် သေဆုံးသူ၏ရုပ်အလောင်းကို ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားသည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“ရဲမှုးဟောင်းဆိုတာတော့ ဟုတ်တယ် ဒလန်ဟုတ်မဟုတ်တော့မသိဘူး သူများတွေပြောလို့ပဲသိတာ”ဟု ရှင်းပြသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်တွေက ကနညရုံးနဲ့လဝကရုံးအနီးမှာ လမ်းသွားလမ်းလာနှင့်ဆိုင်ကယ်တွေကို စစ်ဆေးနေသည်ဟု မြို့ခံတွေဆီက သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထားဝယ်မြို့နယ်တွင် နိူင်ငံရေးတက်ကြွလှုပ်ရှားသူတွေနှင့်NLD ပါတီဝင်များ သတင်းပေးဒလန်များကြောင့် ဖမ်းဆီးခံခဲ့ရသည့်ဖြစ်စဥ်လည်းရှိသည်။