ထားဝယ်တွင် ပထမဆုံး စစ်ကောင်စီစခန်းကို သိမ်းပိုက်၊ ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်သား ရှစ်ဦးစစ်သုံ့ပန်းအဖြစ်ဖမ်းမိ

Author လင်းနွေဦး
Categories
Published on Jan 27, 2024

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်အတွင်း ပထမဆုံးစခန်းသိမ်းနိုင်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများခဲ့သည့်အပြင် ဗိုလ်မှူးအပါအဝင် စစ်ကောင်စီတပ်သား ရှစ်ဦးစစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း စခန်းသိမ်းတိုက်ပွဲအတွင်းပူးပေါင်းပါဝင်ခဲ့သည့် ဒေါင်းညီနောင် စစ်ကြောင်းမှ ရဲဘော်တစ်ဦးက CJ Platform သို့ ပြောသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းက စစ်ကောင်စီလက်အောက်ခံ ခလရ(၂၇၃)တပ်အခြေစိုက် ကျောက်ထုစစ်ဆင်ရေးခြေကုပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ သိမ်းပိုက်ရရှိခဲ့ပြီးနောက် အာရှ လမ်းမတစ်လျောက် စစ်ရေးတင်းမာလျက်ရှိသည်ဟု ၎င်းက ပြောသည်။

 

ကရင်အမျိုးသားအစည်းအရုံး(KNU)အုပ်ချုပ်မှုနယ်မြေ၊ ထားဝယ်ခရိုင်၊ တပ်မဟာ(၄)နယ်မြေအတွင်း ပထမဆုံး စစ်စခန်းအဖြစ် ကျောက်ထုစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်ရင်း(၁၂)၊ တပ်မဟာ(၆)တပ်ရင်း(၂၇)တို့၏ ဦးဆောင်မှုနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် T1 စစ်ကြောင်း၊ T5 စစ်ကြောင်းနှင့် ဒေါင်းညီနောင်စစ်ကြောင်းတို့မှ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ဆင်ရေးအတွင်း ပါဝင်သည့် အဆိုပါ ရဲဘော်က CJ Platform သို့ အတည်ပြုပြောကြားသည်။

“စစ်တပ်ဘက်က အကျအဆုံးက ၁၅ ယောက်သေတယ်။ ပွဲအတွင်း ခုနစ်ဦးအရှင်ဖမ်းမိတယ်။ တစ်ဦးကတော့ ပြေးနေတုန်း နောက်ရက်မှာ ဖမ်းမိတယ်။ အကုန် ရှစ်ယောက်မိတယ်။ မိတဲ့ထဲ ဗိုလ်မှူးလည်း ပါတယ်ဗျ။  တော်လှန်ရေးအင်အားစုဘက်က အကျအဆုံးမရှိပါဘူး” ဟု နှစ်ဖက်ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ ၎င်းရဲဘော်က ပြောသည်။

 

စခန်းသိမ်းတိုက်ပွဲအပြီး MA-1 လေးလက်၊ MA-2 နှစ်လက်၊ MA-3 ခြောက်လက်၊ MA-4 တစ်လက်၊ MA-5 တစ်လက်၊ ငါးကြင်းမြီး တစ်လက်၊ ကျည်ကဒ် တစ်ခု၊ ငါးကြင်းမြီး ပြောင်းပို တစ်ခု၊ RPG တစ်လက်၊ RPG ကျည် ငါးလုံး၊ RPG ပို့ယမ်း သုံးတောင့်၊ MA ကျည်ဘောက် ၃၃ ဘောက်၊ ၆၀ မမ ပြောင်း နှစ်လက်၊ ၆၀ မမ သီး ၁၆ လုံး၊ ၄၀ မမကျည် ၄၂ လုံး၊ လက်ပစ်ဗုံး လေးလုံး၊ ရှေ့ထွက်မိုင်း ၁၇ လုံး၊ တိုက်မိုင်း ၁၆ လုံး၊ အီနာဂါ လေးလုံး၊ စကားပြောစက်အသေး နှစ်လုံး၊ စကားပြော အထိုင်စက်ကြီး တစ်လုံး၊ ၅ ပွိုင့် ၅၆ ကျည် ၃၀၉၀ တောင့်၊ ၇ ပွိုင့် ၆၂ ကျည် ၁၁၀ဝ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန(MoD)ထုတ်ပြန်ချက်အရ သိရသည်။

 

ဖမ်းမိ စစ်သုံ့ပန်းများနှင့်ပတ်သက်၍ CJ Platform ၏ မေးမြန်းမှုကို “လူကြီးတွေ စီစဉ်မှာဆိုတော့ ပ.အ.ဖလက်ထဲ အပ်မအပ်တော့ အတိအကျမသိရသေးဘူး။ NUG ရဲ့ Protocol အတိုင်းဘဲ သွားမယ်ထင်ပါတယ်” ဟု မြေပြင်တိုက်ပွဲအတွင်းပါဝင်ခဲ့သည့် တော်လှန်ရေးရဲဘော်က ဆက်လက်ပြောကြားသည်။

 

စစ်ကောင်စီ လက်အောက်ခံ ကျောက်ထု စစ်ဆင်ရေးခြေကုပ်စခန်းကို တော်လှန်ရေးအင်အားစုများမှ သိမ်းပိုက်ပြီးနောက် ရက်ပိုင်းအတွင်းမှာပင် ထားဝယ်မြို့ပေါ်၌ စစ်ကောင်စီတပ်များ အင်အားဖြည့်တင်းမှုများ ပြုလုပ်လျက်ရှိပြီး မည်သည့်အရပ်ဒေသသို့ စစ်ကူစေလွှတ်မည်ကို မသိရသေးကြောင်း၊ လက်ရှိတွင် အာရှ လမ်းမပေါ်၌ စစ်ရေးတင်းမာလျက်ရှိကာ စစ်ကောင်စီဘက်မှ စစ်ကူဖြည့်တင်းပေးလာပါက တိုက်ပွဲရင်ဆိုင်ရန် အသင့်ရှိနေကြောင်း ဒေါင်းညီနောင် စစ်ကြောင်း၏ တော်လှန်ရေးရဲဘော် ပြောကြားချက်အရ CJ Platform မှ သိရသည်။