ထားဝယ်က စစ်ကောင်စီ ‌ဇဟာအမြောက်တပ်ကို တိုက်ခိုက်၊ စစ်သား လေးဦးသေဆုံး

Author မင်းထက်
Categories
Published on Mar 05, 2024

တနင်္သာရီတိုင်း ၊ ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာရှိ ‌စစ်ကောင်စီ၏ ဇဟာအမြောက်တပ်ကို မတ် ၃ ရက် ညနေပိုင်းက ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်သား လေးဦးသေဆုံးသည့်အပြင် အချို့ဒဏ်ရာရရှိခဲ့ကြောင်း ဗထူးတပ်မတော် သတင်းနှင့် ပြန်ကြာရေးဌာန တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်ရှိသော ဇဟာအမြောက်တပ်တပ်ရင်းဂိတ်ဝနှင့် တပ်ရင်းအတွင်းသို့ မတ် ၃ ရက် ညနေ ၅ နာရီက ၄၀ မမနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သားများကလည်း လက်နက်ကြီး၊ လက်နက်‌ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုလုပ်ဆောင်ခဲ့သော်လည်း ရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။

 

“ကျွန်တော်တို့ တိုက်ခိုက်တဲ့ ညနေ ၅ နာရီ သူတို့တန်းစီနေတဲ့အချိန် အဝင်ဂိတ်ဝမှာတော့ တာဝန်ကျနေတဲ့ စစ်​ွေးတွေရှိတယ်။ အင်အားအနေနဲ့ကတော့ တစ်ရာတောင်မပြည့်ဘူးဗျ။ ကျွန်တော်တို့သတင်းရတာတော့ စစ်​ွေးတွေရော၊ တပ်မိသားစုဝင်တွေရောဆို ၈၀လောက်ပဲရှိမယ်” ဟု ဗထူးတပ်မတော် သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်ကလည်း ထားဝယ်မြို့နယ် နည်းပညာတက္ကသိုလ်အနီးရှိ  ဘုရားမဲစစ်ဆေးရေးဂိတ်နှင့် ဘုရားမဲဘုန်းကြီးကျောင်းအတွင်း တပ်စွဲနေထိုင်သော ကာကင်းစခန်းတို့ကို ဗထူးတပ်မတော်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့သည်။