ထရမ့်ပြန်လည်အရွေးခံရတာကို အကြောင်းပြပြီး နာမည်ကြီး အစီစဉ်တင်ဆက်သူ ယူကေကို ပြောင်းရွှေ့ 

Author CJ Platform
Categories
Published on Jul 22, 2025

အမေရိကန် နာမည်ကြီး ရုပ်မြင်သံကြား အစီစဉ်တင်ဆက်သူ အယ်လန်ဒါဂျဲနရာ့စ်(Ellen DeGeneres) ဟာ ဒေါ်နယ်ထရမ့် ပြန်လည်အရွေးခံရပြီးနောက် ဇနီးဖြစ်သူ ပေါ်ရှာဒီရော့စီနဲ့အတူ အင်္ဂလန်နိုင်ငံရဲ့ ကော့စ်ဝေါ့ဒေသကို အပြီးအပိုင်ပြောင်းရွှေ့ခဲ့တယ်လို့ အတည်ပြုခဲ့ပြောကြားခဲ့ပါတယ်။

 

ထရမ့်အနိုင်ရတဲ့သတင်းကို ကြားပြီး နိုးထလာချိန်မှာ “ငါတို့ ဒီမှာပဲ နေတော့မယ်” လို့ ဆုံးဖြတ်ခဲ့ရာကနေ ဒီလိုပြောင်းရွှေ့ဖို့ ဖြစ်လာခဲ့တာလို့ ချက်လ်တန်ဟမ်မြို့က Everyman ပြဇာတ်ရုံမှာ အယ်လန် ကပြောခဲ့တာပါ။

 

အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ LGBTIQ+ တစ်ဦးဖြစ်သူ အယ်လန်ဟာ ပိုပြီးအေးချမ်းတဲ့ ကျေးလက်ဘဝကို ပျော်မွေ့နေပြီလို့ပြောပါတယ်။ ပြီးတော့ သူက အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကိုလည်း ဝေဖန်ခဲ့ပါတယ်။

အထူးသဖြင့် လိင်တူလက်ထပ်ထိမ်းမြားမှုကို တားမြစ်ဖို့ ကြိုးစားမှုတွေလိုမျိုးနဲ့  LGBTQ+ အခွင့်အရေးတွေအပေါ် ခြိမ်းခြောက်မှုတွေကို ဝေဖန်ခဲ့တာပါ။

 

၂၀၀၃ ကစတင်ခဲ့တဲ့ The Ellen DeGeneres Show ကို အပိုင်းပေါင်း ၃၃၀၀ ကျော် ထုတ်လွင့်ပြီးနောက်  ၂၀၂၂ မေလမှ အစီစဉ်ကို ရပ်တန့်ခဲ့ပါတယ်။ လုပ်ငန်းခွင်အတွင်း အဆိပ်အတောက်ဖြစ်စေတဲ့ အခြေအနေတွေ ဖြစ်ခဲ့တယ်လို့ စွပ်စွဲဝေဖန်ခံရပြီးတဲ့နောက် အစီစဉ်ကိုရပ်တန့်ခဲ့တာဖြစ်ပါတယ်။ အစီစဉ် ရပ်တန့်တာနဲ့ပတ်သက်ပြီးလည်း “ကျွန်မက ပွင့်ပွင့်လင်းလင်းနဲ့ တဲ့တိုးပြောတတ်တယ်၊ တစ်ခါတစ်လေ အဲဒါက ကျွန်မကို ရက်စက်တယ်လို့ ဆိုလိုတာလား မသိဘူး” လို့ သူက ပြောခဲ့ပါသေးတယ်။

 

နိုင်ငံရေးကွဲပြားမှုတွေကြောင့် အမေရိကန်နိုင်ငံသားတွေအများကြီးက နိုင်ငံကနေ ထွက်ခွာဖို့ စဉ်းစားနေကြပါတယ်။ ယူကေကတော့ အားလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှုရှိတာအပါအဝင် သေနတ်ကိုင်အကြမ်းဖက်မှု နည်းပါးတာတွေရှိနေပေမယ့်လည်း ဘဝအရည်အသွေးတိုင်းတာမှု အတော်များများမှာတော့ အမေရိကန်ထက် စွမ်းဆောင်ရည်နိမ့်ကျတယ်လို့ အချက်အလက်တချို့က ဖော်ပြနေပါတယ်။

 

Source – NBC news

 

ဓာတ်ပုံ – Reuters