ထန်းနောင်းတောတောင်ရွာကို စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူလေးဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရ  

Published on Feb 13, 2024

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထန်းနောင်းတောတောင်ရွာကို စစ်ကောင်စီတပ်မှ ဖေဖေါ်ဝါရီ ၁၂ရက်နေ့ နေ့လယ် ၁၂နာရီခွဲခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ လေးဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး တာဝန်ခံထံမှ သိရသည်။

 

မုံရွာမြို့အဝင် ညောင်ပင်သာရွာနှင့် ညောင်ပင်ဇောက်ရွာကြားရှိ ညောင်ပင်သာဂိတ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၄) ဦး သေဆုံးပြီး (၆) ဦး ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး တာဝန်ခံထံမှ သိရသည်။

 

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လူနေအိမ်များနှင့် အရပ်သားများကို ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးဖြင့် နှစ်ကြိမ်ပစ်ခတ်ခဲ့ပြီး တစ်လုံးမှာ တောထဲကျသောကြောင့် အထိအခိုက် မရှိခဲ့သော်လည်း ကျန်တစ်လုံးမှာ  “စိဏ်ရွှေငွေ” လက်ဖက်ရည်ဆိုင်ထဲသို့ကျခဲ့ကြောင်း သိရသည်။

 

“တိုက်ပွဲမဖြစ်ဘူးPDF လဲမရှိဘူး ဒီတိုင်းပစ်တာ မအူဂိတ်က လက်နက်ကြီးနှစ်လုံးထုတာ တစ်လုံးက ငှက်ပျောတောထဲကြတာ တစ်လုံးကတော့ လက်ဖက်ရည်ဆိုင်ရှေ့တည့်တည့်ကျတာ(၄) ဦးက နေရာမှာတင် အသက်မရှိတော့ဘူး (၆)ဦးက ဒဏ်ရတယ် တစ်ယောက်ကတော့ စိုးရိမ်အနေထားဘဲ” ဟု မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးတာဝန်ခံမှ CJ Platform သို့ ပြောသည်။

 

စစ်ကောင်စီသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၂၇) ရက်နေ့တွင် ထနောင်းတောမြောက်ရွာရှိ ပြည်သူများ၏ နေအိမ် (၄) လုံးနှင့် ထနောင်းတောတောင်ရွာရှိ ပြည်သူများ၏ နေအိမ်(၃)လုံး မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ၂၀၂၃ ခုနှစ်၊ မတ်လ (၁၅) ရက်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ နေအိမ်(၆၀)ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းမီးရှို့မှုကြောင့် ထွက်မပြေးနိုင်သော အသက်(၇၀) ကျော် အဘိုးအဘွား(၃) ဦး သေဆုံးခဲ့သည်ဟု သိရသည်။

 

စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသား(၄)ဦးသေဆုံးခဲ့ပြီး အမျိုးသမီးနှစ်ဦးအပါအဝင် ဒဏ်ရာရရှိသူ (၆) ဦးကို  နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ပို့ဆောင်ခဲ့ပြီး အမျိုးသားတစ်ဦးမှာ ဒဏ်ရာပြင်းထန်သောကြောင့် ခွဲစိတ်ခဲ့ရသည်ဟု မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးတာဝန်ခံ မှဖြည့်စွက်ပြောဆိုသည်။