ထန်းတပင်မြို့နယ်မှ စစ်ဘေးရှောင်များအား စစ်ကောင်စီ၏ တောင်ငူအဝင် စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းသွားလာခွင့် မပြုသဖြင့် အခက်တွေ့

Published on Feb 10, 2024

ပဲခူးတိုင်း၊ ဇရပ်ကြီးမြို့နယ် တွင် ဖေဖော်ဝါရီလ (၆)ရက်နေ့မှ စတင်၍ ကရင့်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ တပ်မဟာ(၂)၊ (၃)၊ (၅) ၊ PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲ ပြင်းထန်နေခြင်းကြောင့် အနီးဝန်းကျင်ရှိ ထန်းတပင်မြို့နယ်မှ ပြည်သူများမှာ စစ်ဘေးတိမ်းရှောင်ရန် တောင်ငူမြို့သို့ သွားရောက်သော်လည်း စစ်ကောင်စီ၏ မြို့အဝင် စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းသွားလာခွင့် မပြုသဖြင့် စစ်ဘေးရှောင်များ အခက်တွေ့နေရကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများထံမှ သိရသည်။

 

ဖေဖော်ဝါရီလ(၆) ရက်နေ့ ညပိုင်းမှစ၍ ဖေဖော်ဝါရီလ (၉) ရက်နေ့အထိ ဇရပ်ကြီးမြို့အတွင်း တိုက်ပွဲများ ပြင်းထန်နေလျှက်ရှိနေပြီး စစ်ကောင်စီမှ လေကြောင်းတိုက်မှုများပါ ပြုလုပ်နေခြင်းကြောင့် ဇရပ်ကြီးမြို့ရှိ ပြည်သူတစ်သောင်းခွဲဝန်းကျင်မှာ စစ်ဘေးတိမ်းရှောင်နေရပြီး အချို့မှာ တိုက်ပွဲအတွင်း ပိတ်မိနေလျှက်ရှိနေသည်။

 

ဇရပ်ကြီးမြို့ တိုက်ပွဲများကြောင့် မြို့နှင့် (၉)မိုင်ခန့်အကွာတွင် ရှိသော ထန်းတပင်မြို့နှင့် အနီးဝန်းကျင်ရှိ ပြည်သူများမှာလည်း တိုက်ပွဲအား ကြေက်ရွံ့သဖြင့် စစ်ဘေးတိမ်းရှောင်လိုသော်လည်း တောင်ငူမြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ စစ်ဘေးရှောင်များအား ဖြတ်သန်းခွင့် မပြုသလို တပြေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာလည်း ပိတ်ထားခဲ့ပြီး အထုတ်အပိုးဖြင့် ဖြတ်သန်းသွားလာခြင်းကို ခွင့်မပြုခဲ့ကြောင်း သိရသည်။

 

“ ထန်းတပင်ဖွင့်ပြီး တပြေးမှာပိတ်တယ် ထန်းတပင်တံတားကို ပိတ်လိုက်ဖွင့်လိုက်ပါပဲ စစ်ရှောင်ဆို ပေးမဖြတ်ဘူး ပြန်လွှတ်ပါတယ် ထန်းတပင်တံတားကိုလည်း စစ်တပ်က  ပိတ်လိုက် ဖွင့်လိုက် လုပ်နေပါတယ်” ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးမှ CJ Platform သို့ ပြောသည်။

 

စစ်ရှောင်များသည် အနီးအနားပတ်ဝန်းကျင်ရှိ ဘုန်းကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများတွင် ရှောင်တိမ်းနေကြရပြီး အချို့မှာ ဘေးလွတ်ရာ တော၊ တောင်၊ လယ်ကွင်းများတွင် တိမ်းရှောင်နေရသောကြောင့် နေထိုင်ရေးနှင့် စားနပ်ရိက္ခာများ ခက်ခဲနေပြီး အသိမိတ်ဆွေများအား ဆက်သွယ်အကူညီတောင်းရန်မှာလည်း ဖုန်းအားဖြင့်ရန်နှင့် ဖုန်းဘေအခက်အခဲများပါ ရှိနေကြောင်း သိရသည်။

 

“ လိုတာတော့အစုံဆိုပေမဲ့ တချို့က စောင်၊ တချို့က အဝတ်အစား၊ တချို့ကျတော့ ငွေမပါကြတာတို့ ဖုန်းဘေမရှိတာတို့တော့ရှိပါတယ်၊ ဘေသမားတွေကိုတော့ ကျွန်တော်လည်း အတတ်နိုင်ဆုံး ဖြည့်ပေးနေပါတယ် အချိူ့ကပိုက်ဆံရှိပေမဲ့ ဖုန်းဘေဝယ်လို့မရတဲ့ လယ်ကွင်း တောင်ပေါ်တွေရောက်နေကြပါတယ်” ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူမှ CJ Platform သို့ ပြောသည်။

 

ထန်းတပင်နှင့် အနီးတဝိုက်ရှိ ကျေးရွာများမှ ဒေသခံများမှာ စစ်ဘေးတိမ်းရှောင်လိုသော်လည်း စစ်ကောင်စီမှ လမ်းပိုင်းများ ပိတ်ဆို့ထားသဖြင့် သွားလာ၍ မရကြောင်း နှစ်ညအိပ်ခရီးခန့်အား ခြေလျင်လျှောက်ကာ လုံခြုံသည် ခိုလှုံရာနေရာများသို့ သွားလာနေရကြောင်း ဒေသခံများထံမှ သိရသည်။