တွေဆုံဆွေးနွေးခြင်း လမ်းစဉ်ကို ရွေးချယ်ထားသည့်အတွက် မိမိတို့အဖွဲ့အစည်းကို စော်ကားပါက တုံ့ပြန်ရန် အသင့်ရှိနေဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြောကြား
တွေ့ဆုံဆွေးနွေးခြင်း လမ်းစဉ်ကို ရွေးချယ်ထားသည့်အတွက် မိမိတို့အဖွဲ့အစည်းကို စော်ကားပါက တုံ့ပြန်ရန် အသင့်ရှိနေကြောင်း RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားသည်။
ဖေဖော်ဝါရီ ၇ ရက်က RCSS ဗဟိုဌာနချုပ် လွိုင်တိုင်းလျဲန်းတွင် ပြုလုပ်သည့် ၇၆ နှစ်မြောက် သျှမ်းပြည် အမျိုးသားနေ့ အခမ်းအနားတွင် ဗိုလ်ချုပ်ကြီး ယွက်စစ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“စစ်အင်အားတွေ သုံးပြီး ပြသနာဖြေရှင်းနေရင် ပြသနာတွေ ပိုပြင်းထန်လာဖို့ပဲရှိတယ်။ မိမိတို့ RCSS ဟာ တွေ့ဆုံ ဆွေးနွေးခြင်း လမ်းစဉ်ကို ရှေးရှု့ရွေးချယ်ထားခြင်း ဖြစ်ပါတယ်။တွေ့ဆုံဆွေးနွေးခြင်း လမ်းစဉ်ကို ရွေးချယ်ထားတဲ့အတွက် မိမိတို့အဖွဲ့အစည်းနဲ့ အမျိုးသားရေးကို ထိပါးစော်ကားလာပါက ပြန်လည်လက်တုံ့ပြန်ရန် အသင့်ရှိနေပါတယ် ” ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။
ထို့ပြင် ၁၉၄၇ ခုနှစ် တွင် သျှမ်းခေါင်းဆောင်များ စုပေါင်းပြီး ပြည်ထောင်စုနိုင်ငံကို တည်ဆောက်ရာ၌ ၁၀ နှစ်ကြာပေါင်းစီးပြီး ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိသည်ဟု ပင်လုံစာချုပ်ထဲတွင် ရေးမှတ်ထားကြောင်း၊ သျှမ်းပြည်အလံတော်သည် သျှမ်းပြည်တွင် နေထိုင်ကြသည့် တိုင်းရင်းသားအားလုံး အတွက်ဖြစ်ကြောင်း၊ RCSS သည် လက်နက်ကိုင်အဖွဲ့အစည်း အားလုံးနှင့် ဆွေးနွေးရန် ရည်ရွယ်ထားပြီး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ တွေ့ဆုံဆွေးနွေးမှ သာလျှင် ပြသနာများကို ဖြေရှင်းနိုင်မည်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားသည်။
RCSS မှပြုလုပ်သည့် ၇၆ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အခမ်းအနားသို့ စစ်ကောင်စီမှ ကိုယ်စားလှယ်များ၊ ၊ မွန်ပြည်သစ်ပါတီ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော်တို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီး သည့် သ၀ဏ်လွှာများ ပေးပို့ခဲ့ကြောင်းလည်း သိရသည်။
စစ်ကောင်စီသည် တိုင်းပြည်အာဏာကို လုယူခဲ့သည့်အချိန်တွင် RCSS ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကြီး ယွက်စစ်မှ လက်မခံကြောင်း ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့သည့် အတွက် ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။
ဓာတ်ပုံ-RCSS
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #RCSS #ဗိုလ်ချုပ်ကြီးယွက်စစ်