တော်လှန်ရေး ၂ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် “အပြင်မထွက်၊ တိတ်ဆိတ် ငြိမ်သက်ခြင်း သပိတ်” ပြုလုပ်ရန် နှိုးဆော်

Author လင်းခိုင်
Categories
Published on Jan 27, 2023

 

တော်လှန်ရေး ၂ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် “အပြင်မထွက်၊ တိတ်ဆိတ် ငြိမ်သက်ခြင်း သပိတ်” ပြုလုပ်ရန် အထွေထွေ သပိတ် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(GSCB) က နှိုးဆော်ထားသည်။

တော်လှန်ရေး ၂ နှစ်ပြည့်ချိန်တွင် ပြည်သူများ သွေးမအေးပဲ စစ်အုပ်ချုပ်ရေး ယန္တရားအောက် အသားကျသွားခြင်းမရှိဘူးဆိုသည်ကို ကမ္ဘာသိ၊ မြန်မာသိ ဆက်လက်ဖော်ထုတ်ပြသနိုင်ရန်လိုအပ်ကြောင်း၊ အထူးသဖြင့် စစ်အုပ်စု၏ အရေးပေါ်အခြေအနေ သက်တမ်းကုန်ဆုံးမည့် နေ့လည်းဖြစ်ပြီး ကမ္ဘာကြီးသည် မြန်မာ့အရေးကို ပိုမို စိတ်ဝင်စားစွာစောင့်ကြည်နေမည်ဟု GSCB ကဆိုသည်။

ထို့ကြောင့် ဖေဖော်ဝါရီ ၁ ရက်တွင် တနိုင်ငံလုံး၊ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူအားလုံး ပါဝင်ဆင်နွှဲနိုင်သည့် “အပြင်မထွက်၊ တိတ်ဆိတ် ငြိမ်သက်ခြင်း သပိတ်” ဖော်ဆောင်ဆင်နွှဲရန် GSCB က တိုက်တွန်း နှိုးဆော်ထားသည်။

Silent Strike လှုပ်ရှားမှုသည် အကြမ်းဖက်စစ်အုပ်စု ကြောက်သည့် လူထုတိုက်ပွဲနည်းဖြစ်ကာ၊ ကမ္ဘာ့တွင် ယခုကဲ့သို့ သပိတ်မျိုး လုပ်နိုင်ရန် ရှားပြီး ပြည်သူများ သွေးစည်းညီညွတ်မှုကြောင့်သာ အောင်အောင်မြင်မြင် ဆင်နွှဲနိုင်သည့် အသံပိတ်သပိတ်ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ရက်တွင် ဖော်ဆောင်မည့် အသံပိတ်သပိတ်သည် အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို အသံတိတ်သပိတ်လှုပ်ရှားမှုကြီးက တရားမဝင်ရွေးကောက်ပွဲကို လူထု လုံးဝလက်မခံကြောင်း ၊ ဆန့်ကျင်ကြောင်း ဖော်ထုတ် သက်သေပြခြင်းလည်းဖြစ်သည်ဟု GSCB ၏ နှိုးဆော်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဖေဖော်ဝါရီ ၁ရက်နေ့ ၌ စစ်အုပ်စုဘက်ကလည်း လူစုလူဝေးနှင့် အင်အားပြပွဲများ၊ စစ်တပ်ထောက်ခံပွဲများ လုပ်ဆောင်ရန် ပြင်ဆင်နေပြီး၊ ပြည်သူများအနေဖြင့် စစ်အုပ်စုနှင့် ဝေးဝေးရှောင်ကာ မပတ်သက်ပဲ၊ ကိုယ့်နေရာတွင်သာ နေထိုင်ရန် GSCBက သတိပေးထားသည်။

ထို့ကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၁၀နာရီမှ ညနေ ၃ နာရီအတွင်း ပြည်သူများ အပြင်မထွက်ကြရန်၊ အိမ်၊ အလုပ်ခွင်၊ ဆိုင်၊ ရုံးစသည့် နေရာများတွင်သာနေထိုင်ကြရန်၊ ယင်းအချိန်အတွင်း လမ်းများ၊ အများပြည်သူနေရာများတွင် လူသူကင်းမဲ့ ခြောက်သွေ့နေရမည်ဖြစ်ပြီး တိတ်ဆိတ်နေရန် GSCBက နှိုးဆော်ထားသည်။

ပုံစာညွှန်း- ရန်ကုန်မြို့တွင်း အသံတိတ်သပိတ်ဆင်နွှဲခဲ့ပုံ ပုံဟောင်း
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #အသံတိတ်သပိတ် #အာဏာသိမ်းနှစ်နှစ်ပြည့် #GSCB