တော်လှန်ရေး ခရီးစဉ်တွင် အင်အားစုများကြား သဘောတူညီမှု မြန်မြန်ရရန် ဝိုင်း၀န်းကြိုးစားဖို့ လိုအပ်ကြောင်း ပြည်ထောင်စု၀န်ကြီးချုပ် ပြောကြား

Author လင်းခိုင်
Categories
Published on Feb 01, 2023

 

တော်လှန်ရေး ခရီးစဉ်တွင် အင်အားစုများအကြား သဘောတူညီမှု မြန်မြန်ရရန် ဝိုင်း၀န်း ကြိုးစားဖို့လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက ဇန်နဝါရီ ၃၁ ရက်ကပြုလုပ်သည့် ပဉ္စမအကြိမ် အစည်းအဝေး၌ မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

NUG, CRPH , NUCC နှင့်အတူ မဟာမိတ်တိုင်းရင်းသား EROများအားလုံးသည် စစ်အာဏာရှင်စနစ်ကို အမြစ်မကျန်တိုက်ထုတ်ရန်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရန် ဘုံရည်မှန်းချက် နှစ်ခုကို အကောင်အထည်ဖော်နိုင်န် နည်းမျိုးစုံဖြင့် တိုက်ပွဲ၀င်နေကြောင်း၊ တူညီသည့် ဘုံရည်မှန်းချက် သွားသည့်အခါ ကွဲပြားကောင်းကွဲပြားနိုင်သော်လည်း အရေးကြီးဆုံးသည် ပန်းတိုင်အတူရောက်ရန်ဖြစ်ကြောင်း ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားသည်။

“အားလုံးအမြင်မတူတာတွေကို မြန်မြန်ဆန်ဆန်ညှိနှိုင်းရင်း ရှေ့ဆက်နိုင်ကြဖို့ အင်မတန်အရေးကြီးပါတယ်။ လမ်းပြမြေပုံကို တဆင့်ချင်းသွားနေတဲ့ တော်လှန်ရေးခရီးမှာ အင်အားစုတွေကြားက သဘောတူညီမှုတွေဟာ မြန်မြန် ရအောင်ဝိုင်း၀န်းကြိုးစားပေးဖို့ တိုက်တွန်းလိုပါတယ်။ လမ်းပြမြေပုံ အဆင့် ၈ အနေနဲက Transitional Constitution ရေးဆွဲရေးကို လုပ်ဆောင်နေကြပြီမို့ မြန်မြန်ဆန်ဆန် ညှိနှိုင်း တိုင်ပင်ရေးဆွဲနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြည်ထောင်စု၀န်ကြီးချုပ်က ဆက်လက် ပြောကြားသည်။

စစ်ကောင်စီအာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်း ဒုက္ခပေါင်းစုံခံစားနေရသည့် ပြည်သူများအတွက် အလွန်ရှည်ကြာပြီး အကြမ်းဖက်စစ်ကောင်စီက ယင်းတို့ခံစားနေရသည့် ဘက်ပေါင်းစုံ ဖိအားများကို အပြစ်မဲ့ ပြည်သူများနှင့် တိုက်ပွဲ၀င်ပြည်သူများကို ဒုက္ခပေးမည့် နည်းလမ်းများ အသုံးပြုမည်ဖြစ်သည်ဟု ပြည်ထာင်စု၀န်ကြီးချုပ်က ပြောကြားသည်။

“နိုင်ငံတကာ သံတမန်ရေးမှာ စစ်ကောင်စီက သူတို့နဲ့ အကျိုးစီးပွားရှိနေတဲ့ နိုင်ငံအချို့ကလွဲရင် အဘက်ဘက်က ကျဆုံးဖယ်ကျဉ်ခံနေရသလို အုပ်ချုပ်ရေးကဏ္ဍမှာလည်း တိုင်းပြည်ရဲ့ မည်သည့်နေရာကိုမှ စိတ်ချလက်ချ အုပ်ချုပ်နိုင်တဲ့အနေအထား မရှိဘဲ တချို့မြို့နယ်တွေမှာ သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရား လုံး၀ကို ပြိုလဲပျက်စီးနေပါပြီ” ဟု ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားသည်။

ထို့ပြင် စစ်ကောင်စီသည် တိုင်းပြည်ဘဏ္ဍာများဖြင့် တည်ဆောက်ခဲ့သည့် အကြမ်းဖက်စစ်တပ်သည် စိတ်ဓာတ်တစ်ခုအရင်းတည်ပြီး လက်နက်မပြည့်စုံသေးသည့် အတွေ့အကြု့နုငယ်သေးသည့် PDF များ၊ LPDF နှင့် မဟာမိတ် ERO မြေပြင်တွင် လုံး၀ယှဉ်နိုင်ခြင်းမရှိတော့ဘဲ လေကြောင်းကိုသာ အားကိုးတိုက်ခိုက်နေရသည်ဟု ယင်းက ဆိုသည်။

“စီးပွားရေးကဏ္ဍမှာလည်း ထိထိရောက်ရောက် စီမံနိုင်မှုမရှိဘဲ နိုင်ငံတကာရဲ့စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် ပြည်သူတွေဟာ စီးပွားရေး ဆုတ်ယုတ်ပျက်စီးမှုဒဏ်ကို ခံစားနေရတယ်။ ဒီလိုမျိုးအဘက်ဘက်က ပြိုလဲပြီး ထွက်ပေါက်ရှာမရဖြစ်နေတာကြောင့် စစ်ကောင်စီဟာ တရားမ၀င် အတုအယောင်ရွေးကောက်ပွဲ တစ်ရပ်ကို ဆင်နွှဲဖို့ကြိုးစားနေတာဖြစ်ပါတယ်” ဟု ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #ပြည်ထောင်စုဝန်ကြီးချုပ် #မန်းဝင်းခိုင်သန်း