တော်လှန်ရေးအင်အားစုများထံ ငွေကြေးလှူဒါန်း၍ မရအောင် စစ်ထောက်လှမ်းရေးအဖွဲ့နှင့် ဗဟိုဘဏ် ပူးပေါင်း၍ စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း

Author အောင်နိူင်သူ
Categories
Published on Oct 11, 2022

NUG ၊CRPHနှင့်PDF အဖွဲ့များအား ပြည်သူများမှ ငွေကြေးလှူဒါန်း၍ မရရှိနိုင်အောင် ဗဟိုဘဏ်နှင့် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးတို့ ပူပေါင်းကာ မိုဘိုင်းငွေရေးကြေးရေး စစ်ဆေးရေးအဖွဲ့ကို စစ်ကောင်စီက ဖွဲ့စည်းပေးလိုက်သည်ဟု စစ်ကောင်စီနှင့်နီးစပ်သူများထံမှ သိရသည်။

ဗဟိုဘဏ်မှ ဒုဥက္ကဋ္ဌ ဦးဆောင်စေကာ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးနှင့် CIDအဖွဲ့များပါဝင်သော ၁၁ဦးအဖွဲ့ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖွဲ့စည်းပေးခဲ့တာဖြစ်သည်ဟု စစ်ကောင်စီနှင့်နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“ဗဟိုဘဏ်ဒုဥက္ကဌက ဒေါက်တာလင်းအောင်က ဥက္ကဌ၊ စစ်ထောက်လှမ်းရေးက ဗိုလ်မှူးချုပ်က အတွင်းရေးမှူးCID က ရဲမှူးကြီးတွေလည်းပါတယ် Kpay Wave pay စစ်ဖို့ဖွဲ့တာ”ဟု ရှင်းပြသည်။

ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် ငွေအဝင်အထွက်များသည့် KBZ Pay နှင့် Wave Pay အကောင့်များကို မြို့မရဲစခန်းမှ ခေါ်ယူစစ်ဆေးမှုများရှိသည်ဟု ဒဂုံဆိပ်ကမ်းမြို့ခံတစ်ဦးက ပြောသည်။

“ကျွန်တော့် ညီမက အွန်လိုင်းရှော့လုပ်တာ ငွေဝင်ငွေထွက်များလို့ဆိုပြီး ရဲစခန်းခေါ်စစ်တာ ဘယ်သူကိုမှ ထောက်ပံ့တာ လှူတာမရှိတာတောင် ရဲစခန်းကို သိန်းနှစ်ဆယ်ပေးမှ ပြန်လွှတ်ပေးတာ”ဟု ပြောသည်။

စစ်ကောင်စီက အောက်တိုဘာလ ၈ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၁၃၉/၂၀၂၂) ဖြင့် မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများအား စုံစမ်းစစ်ဆေးနိူင်ရန် မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းခဲ့တာဖြစ်သည်ဟု ဗဟိုဘဏ်နှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“၁၁ ဦးကော်မတီမှာ ဗဟိုဘဏ်က နည်းတယ် စစ်ထောက်လှမ်းရေး၊ ရဲ၊CID ၊စသုံးလုံး၊ ဆက်သွယ်ရေး၊ လဝက ငွေကြေးထောက်လှမ်းရေးအဖွဲ့ ၊တရားရေး အများကြီးပဲ”ဟု ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ရပ်မှာ ပြည်သူများသည် အကြမ်းဖက်စစ်ကောင်စီ လက်အောက်မှရုန်းထွက်ချင်၍ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူ့ကာကွယ်ရေးတပ်များကို ထောက်ပံ့နေခြင်းကို ရပ်ဆိုင်းသွားစေရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု နိူင်ငံရေးသမားအချို့က ဝေဖန်သုံးသပ်ကြသည်။
Photo – KBZ Bank