တော်လှန်ရေးလုပ်ဆောင်နေသူများ အာဏာရှင်အကြိုက် အာဏာရှင် ဆန်ဆန် မလုပ်သင့်ကြောင်း ဗိုလ်စွန်ရဲပြောကြား

Author လင်းခိုင်
Categories
Published on Oct 14, 2022

တော်လှန်ရေးလုပ်ဆောင်နေသူများ အာဏာရှင်အကြိုက် အာဏာရှင် ဆန်ဆန် မလုပ်သင့်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ၀က်လက်မြို့နယ်၊ နယ်စည်းမခြားတော်လှန်ရေးအင်အားစု၊ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်စွန်ရဲက လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

“တော်လှန်ရေးလုပ်တဲ့နေရာမှာ အာဏာရှင်ကို မကြိုက်လို့ တော်လှန်နေပါတယ်ဆိုမှပဲ အာဏာရှင် ဆန်ဆန်မလုပ်ကြစေဖို့နဲ့၊ အချင်းချင်း သွေးထိုးသပ်လျှို မဖြစ်မိစေဖို့ တော်လှန်းရေးအင်အားစုများအနေနဲ့ လည်း အသိ၊ သတိမလွတ်ပါစေနဲ့”ဟု ဗိုလ်စွန်ရဲကပြောကြားသည်။

မြန်မာနိုင်ငံ တော်လှန်ရေးဖြစ်စဉ်များ ပြန်လည်သုံးသပ်ကြည့်ပါက ၁၉၈၈နှင့် ၂၀၂၁ တော်လှန်ရေးတို့ဖြစ်ပြီး၊ ၁၉၈၈ တော်လှန်ရေးတွင် လူအနည်းစု၊ ကျောင်းသားအစုအဖွဲ့တစ်ခုဖြင့် တောတွင်းတစ်နေရာတွင် အချင်းချင်း ဒလန်စွပ်စွဲ၊ သတ်ဖြတ်ကြရင်း တော်လှန်ရေးတစ်ခန်းရပ်ခဲ့ကြောင်း ဗိုလ်စွန်ရဲကဆိုသည်။

သို့သော် ၂၀၂၁ တော်လှန်ရေးသည် အတော်ခရီးပေါက်နေပြီး အာဏာရှင် လူတစ်စုကို တော်လှန်နေသည့် ပြည်သူနှင့်၊ တော်လှန်ရေးအင်အားစုများ ညီညွတ်မှသာ တော်လှန်ရေး အောင်မြင်ရန် အမြန်ခရီးရောက်မည်ဖြစ်ကြောင်း ဗိုလ်စွန်ရဲကပြောကြားသည်။