တော်လှန်ရေးဘက်မှ သူအချို့သည် စစ်ကောင်စီဝါဒဖြန့်မှုအတိုင်း လိုက်လံလုပ်ဆောင်မှုများရှိနေဟု ဗိုလ်စွန်ရဲပြော

Author လင်းခိုင်
Categories
Published on Oct 15, 2022

တော်လှန်ရေးဘက်မှ သူအချို့သည် စစ်ကောင်စီဝါဒဖြန့်မှုအတိုင်း လိုက်လံလုပ်ဆောင်မှုများ ရှိနေကြောင်း ၀က်လက်မြို့နယ်၊ နယ်စည်းမခြားတော်လှန်ရေးအင်အားစု၊ ရွှေဘိုခရိုင် တပ်ရင်း ၁၈မှ တပ်ရင်းမှူး ဗိုလ်စွန်ရဲက လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

စစ်ကောင်စီသည် တော်လှန်ရေးရဲဘော်များ အချင်းချင်း စည်းလုံးညီညွတ်မှုမရှိခြင်း၊ NUGနှင့် EROs များကြား ယုံကြည်မှုပျက်ပြားစေခြင်း၊ ပြည်သူများ တော်လှန်ရေးကို ကျောခိုင်းလာခြင်း၊ လူမျိုးရေး၊ ဘာသာရေးကို အခြေခံသည့် ပဋိပက္ခများဖြစ်လာစေခြင်း၊ ၂၀၂၃ စစ်ကောင်စီရွေးကောက်ပွဲ အောင်မြင်စေခြင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ရေးလျှို့ဝှက် သတင်းများကို အပြင်သို့ပေါက်ကြားစေခြင်း စသည့် အချက်ခြောက်ချက်ကို အဓိကထား လုပ်ဆောင်နေကြောင်း ဗိုလ်စွန်ရဲက ဆိုသည်။

“ဒီအချက်တွေက စစ်ကောင်စီ အူလှိုက်သည်းလှိုက်ဖြစ်နေတဲ့ အရာတွေပါ၊ စစ်ကောင်စီဘက်က ကြံစည်ပြောဆိုလုပ်ကိုင်နေတာတွေကို သတိထားစောင့်ကြည့်လိုက်မယ်ဆိုရင် ဒီအချက်ခြောက်ခုဖြစ်လာ မလားဆိုပြီး အင်တိုက်အားတိုက် လုပ်ဆောင်နေတာကို မြင်တွေ့နိုင်ပါတယ်။ ဒီအရာဖြစ်လာမလားဆိုပြီး လမ်းကြောင်းဖော်နေတာကို မြင်တွေ့နိုင်တယ်။ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ဒီ ခြောက်ခုကို ဇောင်းပေးပြီးဝါဒဖြန့်နေကြတာဖြစ်တယ်” ဟု ဗိုလ်စွန်ရဲက ပြောကြားသည်။

သို့သော် တော်လှန်ရေးဘက်မှ လူအချို့သည် အဆိုပါ အချက်များကို မသိလိုက်ဘဲ ပြောဆိုမနေသည်ကို တွေ့ရကြောင်း၊ ယင်းသို့ လုပ်ဆောင်မှုသည် စစ်ကောင်စီကို ကူညီနေသည့် သဘောတရား အတူတူပဲဖြစ်ကြောင်း၊ ထို့ကြောင့် တော်လှန်ရေးနှင့် ပတ်သက်ပြီး တစ်ခုခုပြောဆိုမည်ဆိုပါက အချက် ခြောက်ချက်ဖြင့် ငြိမငြိ တိုက်ဆိုင်ကြည့်ဖို့ လိုမည်ဖြစ်ပြီး၊ မဟုတ်ပါက စစ်ကောင်စီအတွက် Volunteer တစ်ယောက်ဖြစ်နေမည်ဟု ဗိုလ်စွန်ရဲကဆိုသည်။