တော်လှန်ရေးတပ်ဖွဲ့ဝင်‌ ရာနဲ့ချီ အလင်းဝင်လာတယ်ဆိုတာဟာ စစ်အုပ်စုဝါဒဖြန့်မှုသာဖြစ်တယ်လို့ MDY PDF ပြော

Author CJ Platform
Categories
Published on Mar 19, 2026

မန္တလေးတိုင်းအတွင်းမှာရှိနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေထဲက တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၀၀ ကျော် အလင်းဝင်လာတယ်ဆိုပြီး စစ်အုပ်စုထောက်ခံသူတွေက ဖော်ပြနေမှုဟာ ဝါဒဖြန့်မှုသက်သက်သာဖြစ်တယ်လို့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY PDF) ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောပါတယ်။

 

မန္တလေးတိုင်းအတွင်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ တအာင်းတပ်မတော် (TNLA) နဲ့ အာရက္ခတပ်တော် (AA) တို့က တပ်ဖွဲ့ဝင် အမျိုးသား ၄၅၃ ဦးနဲ့ အမျိုးသမီး ၅၃ ဦးတို့ဟာ လက်နက်မျိုးစုံ ၁၀၀ ဝန်းကျင်၊ ခဲယမ်း ၆,၀၀၀ ကျော်နဲ့ အလင်းဝင်ရောက်လာတယ်လို့ စစ်အုပ်စုထောက်ခံသူတွေက ဖော်ပြထားကြပါတယ်။

 

ဒီအခြေအနေနဲ့ပတ်သက်ပြီး MDY PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က အရေအတွက် ၅၀၀ ကျော်ဟာ ဝါဒဖြန့်မှုသက်သက်သာဖြစ်ပြီး တိုက်ပွဲတွေအတွင်း သိမ်းဆည်းရမိတဲ့ ယူနီဖောင်းတွေနဲ့ ပုံစံတူချုပ်ထားတဲ့ ယူနီဖောင်းတွေကို ဝတ်ဆင်စေပြီး ဝါဒဖြန့်လုပ်ဆောင်တာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

“အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီထံမှာ အလင်းဝင်တဲ့သူတွေ ရှိပေမယ့် စစ်ကောင်စီဘက်က ထုတ်ပြန်ထားတဲ့ အရေအတွက်အတိုင်းတော့ လုံးဝမရှိပါဘူး။ ဒါက ဝါဒဖြန့်မှုသက်သက်သာ ဖြစ်တယ်။ နောက်တစ်ချက်ကတော့ ယူနီဖောင်းနဲ့ အလင်းဝင်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းတယ်” လို့ သူက ပြောပါတယ်။

 

လက်ရှိ နိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ စစ်အုပ်စုဘက်ကို ဘက်ပြောင်းဝင်ရောက်မှုတွေ ရှိနေပေမယ့် လက်ရှိ စစ်အုပ်စု ဝါဒဖြန့်ဖော်ပြထားတဲ့ အရေအတွက်ထက် ၁၅၀ ဝန်းကျင်သာ အမှန်တကယ်ပါရှိနိုင်ပြီး ကျန်တာဟာ တပ်တွင်းက လူငယ်တွေကို ပြန်ထည့်ထားတာ ဖြစ်နိုင်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်ကလည်း CJ Platform ကို ပြောထားပါတယ်။

 

ဓာတ်ပုံ – Pro-SAC

 

 

Related News

Depend on news