တော်လှန်ရေးကြာလာသည်နှင့်အမျှ ပြည်သူနှင့်တိုင်းပြည် အထိနာသည်ကို မချင့်မရဲဖြစ်မိကြောင်း NUGဆို

Author လင်းခိုင်
Categories
Published on Sep 06, 2022

တော်လှန်ရေးကြာလာသည်နှင့်အမျှ တိုင်းပြည်နှင့်ပြည်သူ အထိနာသည်ကို မချင့်မရဲဖြစ်မိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယနေ့တွင်ပြုလုပ်သည့် ၆၆ကြိမ်မြောက် အစိုးရအစည်းအဝေးတွင် ပြောကြားခဲ့သည်။

နိုင်ငံတဝှမ်း ခုခံတော်လှန်စစ်ကြေညာခဲ့သည်မှာ စက်တင်ဘာ ၇ရက်တွင် တစ်နှစ်ပြည့်ပြီဖြစ်ကြောင်း ဒီမိုကရေစီအသီးအပွင့်ကို လူမဆန်စွာလုပ်ဆောင်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီကြောင့် ရွေးချယ်စရာလမ်းမရှိဘဲ လက်နက်ကိုင်တော်လှန်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

ထို့ပြင် ပြည်သူ့ဘဏ္ဍာအား စိတ်ကြိုက်သုံးခွင့်ရနေသည့် စစ်ကောင်စီသည် အင်အားစုံသုံး၍ တိုက်ခိုက်နေသော်လည်း ပြည်သူများ၏ ခိုင်မာသည့်စိတ်ဓာတ်ကို ဖြိုချ၍မရသေးကြောင်း ၎င်းကဆိုသည်။

“ဒါကိုကြည့်ရင် ကျွန်တော်တို့ဟာအောင်ပွဲဆီကို လျှောက်လှမ်းနေတယ်ဆိုတာ ငြင်းလို့မရဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒါ့ထက် မြန်မြန် လျှောက်လှမ်းဖို့ လိုတယ်။ တော်လှန်ရေးကြာလေ ပြည်သူနာလေ တိုင်းပြည်နာလေမို့ ဒီလောက်ထိ ရှည်ကြာလာတာကိုတောင် ကျွန်တော်တို့ အနေနဲ့ မချင့်မရဲဖြစ်ရပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

ထို့ကြောင့် လာမည့်နှစ်တွင် ပြင်ဆင်မှုများဆောင်ရွက်ပြီး အတွေ့အကြုံ အထိုက်အလျောက်ရှိလာသည့်အတွက် ပိုမိုအားထည့်ရုန်းကန်ကာ အောင်ပွဲဆီ အမြန်ဆုံးသွားမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။
#D-Day #မန်းဝင်းခိုင်သန်း #ပြည်ထောင်စုဝန်ကြီးချုပ် #NUG