တောင်ပိုင်းစစ်ဒေသတွင် စစ်ကောင်စီမှ နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း လေကြောင်းတိုက်ခိုက်ခြင်းများကြောင့် ဒေသခံများနှင့်တော်လှန်ရေးအဖွဲ့ဝင်များ သေဆုံးထိခိုက်

Author လင်းနွေဦး
Categories
Published on Mar 02, 2024

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ဖေဖော်ဝါရီ ၂၄ ရက် မှ ၂၉ ရက်အထိ ခြောက်ရက်တာအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများအပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံနှင့် တော်လှန်ရေးအဖွဲ့ဝင်များ ထိခိုက် ကျဆုံးမှုများ ရှိနေကြောင်း ရှေ့တန်းစစ်မြေပြင်ရောက် တော်လှန်ရေးရဲဘော်များထံမှ သိရသည်။

 

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအပြင် ဒရုန်းအသုံးပြု တိုက်ခိုက်ခြင်းကို ၃၆ကြိမ်တိုင် ပြုလုပ်ခဲ့ကြောင်း၊ လက်နက်ကြီး အလုံးရေ ၃၀၀ကျော် အသုံးပြု ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံတစ်ဦး သေဆုံးကာ တော်လှန်ရေးရဲဘော် ငါးဦးနှင့် ပြည်သူ ၁၃ဦး လက်နက်ကြီးစ ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ရှေ့တန်းမြေပြင် သတင်းရင်းမြစ်က ဆိုသည်။

“သူတို့ ခုနောက်ပိုင်း ကျွန်တော်တို့ သုံးသလို ဒရုန်းတွေ အသုံးပြုလာတယ်။ နတ်သံကွင်း၊ ကျောက်ကြီးတဝိုက်က ကျွန်တော်တို့ တပ်တွေနဲ့ စစ်‌‌ေ-ွးတွေ မကြာခဏ ထိတွေ့နေရတော့ သူတို့က ကျွန်တော်တို့ ရှိမယ်ထင်တဲ့ နေရာတွေကို လက်နက်ကြီးတွေ ရှယ်ပစ်တာ။ လေကြောင်းသုံးတယ်။ အဲ့တော့ ပြည်သူတွေလည်း ခံရတယ်။”ဟု ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက CJ Platform သို့ ပြောသည်။

 

လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ ၆ စင်းအပြင် Mi-35 တိုက်ခိုက်ရေး ဟယ်လီကော်ပတာ အသုံးပြု၍ လယ်ဒိုမြို့အတွင်းရှိ ထီးမိုဂီထာရဲစခန်းနှင့် ကျွန်းတောစခန်းတို့ကို ဗုံးကျဲခြင်း၊စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း စုစုပေါင်း ၁၅ ကြိမ်တိုင် ပြုလုပ်ခဲ့ရာ စခန်းတွင်းအချုပ်မှာ ဖမ်းဆီးခံထားရသော စစ်ကောင်စီသတင်းပေးတစ်ဦး သေဆုံးခဲ့ရပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)လက်အောက်ရှိ တော်လှန်ရေးရဲဘော် ငါးဦးအပြင် ပြည်သူ ၁၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရှေ့တန်းရောက် ရဲဘော်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 

“အဲ့နေ့က သူတို့ လေကြောင်းသုံးတာက ဂျက်တွေလည်း ပါတယ်။ ရဟတ်ယာဉ်လည်း ပါတယ်။ သေဆုံးသွားတာကတော့ စစ်တပ်ဘက်ကို ကျွန်တော်တို့ လှုပ်ရှားမှုတွေကို သတင်းပေးလို့ ကျွန်တော်တို့ စစ်ဆေးမေးမြန်းပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ သူပါ။ ကျွန်တော်တို့ဘက်ကတော့ ငါးယောက် ထိခိုက်ဒဏ်ရာရသွားတယ်ဗျ။ အရပ်သားပြည်သူကတော့ ၁၃ယောက်ပါ။ မစိုးရိမ်ရတော့ပါဘူး” ဟု ၎င်းတော်လှန်‌ရေးရဲဘော်က CJ Platformသို့ပြော သည်။

နောက်ပိုင်းရက်များဖြစ်သည့် ဖေဖော်ဝါရီ ၂၆ မှ ၂၉ ရက်အထိ နေ့စဉ်နီးပါး စစ်ကောင်စီတပ်က ၈၀ မမ၊ ၁၂၀ မမ၊ ၁၅၅ မမများဖြင့် ပြည်သူများနေထိုင်ရာ ကျေးရွာများဖြစ်သည့် ထိုးဝါးစိုက်၊ ဘောကထာ၊ နတ်သံကွင်းတံတာားထိပ်၊ ကုန်းချောင်းဝ၊ တံခွန်တိုင်၊ ကညင်ကျိုး ၊ ထိန်တော၊ စောမူသယ်၊ ဝက်လာတော၊ တမောမ စသည့် လယ်ဒိုမြို့နယ်အတွင်းရှိ ကျေးရွာများအပေါ်သို့ လက်နက်ကြီးအလုံးရေ မြောက်မြားစွာ ပစ်ခတ်ခဲ့သည်။ ခြောက်ရက်တာအတွင်း စုစုပေါင်း လက်နက်ကြီး  ၃၀၃လုံးအထိ ပစ်ခတ်ခဲ့မှုကြောင့် နေအိမ်များနှင့် စာသင်ကျောင်းတစ်ကျောင်းပါ ထပ်မံထိခိုက်ပျက်စီးခဲ့ရကြောင်း ရှေ့တန်းရောက် မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

 

စစ်ကောင်စီမှ ယခုကဲ့သို့ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကို ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်မှုနယ်မြေများအတွင်း၌ မကြာခဏ ပြုလုပ်တိုက်ခိုက်လေ့ရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ရက်ကလည်း ဆောထိ(ရွှေကျင်)မြို့နယ်အတွင်း ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ တပ်မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ကောက်မယ့်သူကျေးရွာအတွင်း ပစ်ခတ်ခဲ့ရာ လက်နက်ကြီးထိမှန်၍ အသက် ၉နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ရသည်။

Related News

Depend on news