တောင်နီကျေးရွာကို အခြေပြုရန်ကြိုးစားနေသည့် စစ်ကောင်စီတပ်အား ကော်ဘရာပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်

Author မွန်လေး
Categories
Published on Sep 28, 2022

KNU တပ်မဟာ (၆)ထိန်းချုပ်နယ်မြေအတွင်းရှိ တောင်နီကျေးရွာအနီး အခြေပြုရန် ကြိုးစားနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကော်ဘရာပူးပေါင်းတပ်ဖွဲ့က ယနေ့ နေ့လည်ပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ခမရ ၁၀၄အား KNLAတပ်ရင်း ၂၇ ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း တပ်ခွဲ ၂ ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန် လက်နက်ကြီး၊ လက်နက်ငယ်၊ စနိုက်ဘာများဖြင့် ပစ်ခတ်ခဲ့ကြသည်။

ပူးပေါင်းတပ်ဖွဲ့ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးပြီး ထပ်မံထိခိုက်သေဆုံးမှုသတင်းအချက်အခက် အတည်ပြုနိုင်ရန်ဆောင်ရွက်နေကာ ပူးပေါင်းတပ်ဖွဲ့အနေဖြင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ယနေ့ နံနက်တစ်နာရီဝန်းကျင်ကလည်း ၎င်းတို့အခြေစိုက်ထားသည့် လေးကေ့ကော် ကြက်ကင်ကုန်းမှ ၁၂၀ မမဖြင့် ကော်ဘရာပူးပေါင်းတပ်ဖွဲ့လုံခြုံရေးယူထားသည့်နေရာသို့ လေကွဲကျည်များဖြင့် ပစ်ခတ်ခဲ့သော်လည်း ထိခိုက်မှုမရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယင်းအပြင် စစ်ကောင်စီတပ်သည် ယနေ့နံနက် ၁၂ နာရီ မိနစ်သုံးဆယ်ခန့်မှ နံနက် ၃နာရီထိ ဆုံဆည်းမြိုင်မှ ၁၂၀မမလက်နက်ကြီးများဖြင့် သေ့ဘော့ဘိုးကျေးရွာနှင့် ဘလက်တိုကျေးရွာသို့ပစ်ခတ်ခဲ့ပြီး သေ့ဘော့ဘိုးကျေးရွာရှိဘုန်းကြီးကျောင်းထိမှန်ပျက်စီးခဲ့ကာ ဘလက်တိုကျေးရွာရှိ နေအိမ်အဆောက်အအုံများ ပျက်စီးခဲ့သည်။

ယခုကဲ့သို့ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ရဟန်း ရှင်လူ ပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ကော်ဘရာကထုတ်ပြန်ထားသည်။