တောင်ဒဂုံမြို့နယ် ၂၅ ရပ်ကွက်တွင် ပစ်ခတ်မှုဖြစ် ရာအိမ်မှူးတစ်ဦးသေ တစ်ဦးဒဏ်ရာ

Author အောင်နိူင်သူ
Categories
Published on Sep 29, 2022

တောင်ဒဂုံမြို့နယ် ၂၅ ရပ်ကွက် သံလွင်လမ်းနှင့် ထားဝယ်လမ်းထောင့်တွင် ယနေ့ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ခဲ့ရာရာအိမ်မှူးတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

တောင်ဒဂုံမြို့နယ် ၂၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ရာအိမ်မှူးသည် အမျိုးသမီးတစ်ဦးအားကားမှတ်တိုင်သို့ လိုက်ပို့စဥ် ပစ်ခတ်ခံရတာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ကားမှတ်တိုင်မှာ ပစ်ခတ်တာ လေးငါးချက်ဆက်တိုက်ပစ်တာ အသံတွေကြားနေတယ် ရာအိမ်မှူးရော ကောင်မလေးရော လူနာတင်ယာဥ်နဲ့သယ်သွားတယ်”ဟု ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူးသေဆုံးကာ အမျိုးသမီးဒဏ်ရာရရှိခဲ့ပြီး စံပြဆေးရုံကြီးသို့ လူနာတင်ယာဥ်ဖြင့် စစ်ကောင်စီက ပို့ဆောင်လိုက်သည်ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

“သေတဲ့ရာအိမ်မှူးနာမည်က ဇော်လင်းထွန်း အမျိုးသမီးကတော့ မသိဘူး ဧည်သည်လို့ပြောတယ် ကားမှတ်တိုင်လိုက်ပို့ရင်း အပစ်ခံရတာ”ဟု ရှင်းပြသည်။

ပစ်ခတ်မှု့ဖြစ်ပြီးနောက် ၂၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် သံလွင်လမ်းတစ်လျှောက် စစ်ကောင်စီတပ်များမှ မော်တော်ယာဉ်များကို စစ်ဆေးနေသည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။

ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၂၈ရက်အထိ ဗုံးပေါက်ကွဲမှုနှင့်ပစ်ခတ်မှု ၄၀ကြိမ်ဖြစ်ခဲ့ပြီး ၁၀ဦးသေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရရှိသည်။