တောင်ဒဂုံမြို့နယ်ရှိ ကျောက်စိမ်းဖိနပ်စက်ရုံ အလုပ်သမားများ လုပ်ခလစာအတွက် ဆန္ဒပြ

Author အောင်နိူင်သူ
Categories
Published on Nov 09, 2022

 

တောင်ဒဂုံမြို့နယ် ၁၄၁ ရပ်ကွက် မြဝတီမင်းကြီးလမ်းမပေါ်ရှိ ကျောက်စိမ်းဖိနပ်စက်ရုံတွင် ယနေ့ နံနက်ပိုင်း၌ အလုပ်သမားများ တစ်နေ့တာ လုပ်ခလစာအတွက် လုပ်ငန်းခွင်သို့မဝင်ဘဲ ဆန္ဒပြကြသည်ဟု အလုပ်သမားများထံမှ သိရသည်။

ကျောက်စိမ်းဖိနပ်စက်ရုံမှ အလုပ်သမားများသည် ယနေ့နံနက် ၁၀ နာရီဝန်းကျင်မှစတင်ကာ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခြင်းမရှိဘဲ တစ်နေ့တာလုပ်အားခ ရှစ်ထောင်ကျပ်တိုးမြှင့်ပေးရန်နှင့် ရက်မှန်ကြေးအပါအဝင် အလုပ်သမားခံစားခွင့်များကို ဆန္ဒပြတောင်းဆိုကြတာ ဖြစ်သည်ဟု အလုပ်သမားတစ်ဦးက CJ Platform ကိုပြောသည်။

“လက်ရှိ ကုန်စျေးနှုန်းနဲ့ တစ်နေ့ ၄၈၀၀ က ဘယ်လိုမှမရဘူး အဲ့ဒါကြောင့် ၈၀၀၀ ပေးဖို့တောင်းဆိုတာ ရက်မှန်ကြေးကိုလည်း တိုးပေးဖို့တောင်းဆိုထားတယ် အခုလိုဆန္ဒပြလို့ အလုပ်သမားတွေကို မထုတ်ရဘူးဆိုတာလဲပါတယ်”ဟု ပြောသည်။

တောင်းဆိုချက်များတွင် တစ်နေ့တာ လုပ်အားခ ၈၀၀၀ ကျပ်ရရှိရန်၊ ယခင်ပေးသည့် ဆုကြေးများ ပြန်ပေးရန်၊ ရက်မှန်ကြေးကိုကျပ် ၁၅၀၀၀ မှကျပ်၂၀၀၀၀ သို့ တိုးမြှင့်ပေးရန်၊ နှစ်အလိုက် နှစ်ကြေးပေးရန်၊ ခေါင်းဆောင်ကြေးနှင့် ကျွမ်းကျင်ကြေးပေးရာတွင် EC နှင့် Super တို့မှသတ်မှတ်ပေးရန်၊ တောင်းဆိုချက်များအတွက် ဝန်ထမ်းများကို အလုပ်ထုတ်ခြင်း၊ ခွဲခြားဆက်ဆံခြင်း မပြုရန်စသည့် အချက်များ ပါဝင်သည်။

လက်ရှိအခြေအနေတွင် အလုပ်ရှင်၊ အလုပ်သမား၊သက်ဆိုင်ရာဌာနဆိုင်ရာများ တွေ့ဆုံညှိနှိုင်းနေကြောင်း အလုပ်သမားများထံမှ သိရသည်။

ကျောက်စိမ်း ဖိနပ်ထုတ်လုပ်မှုကုမ္ပဏီသည် တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး အလုပ်သမားကျား ၇၂ဦး၊မ ၁၁၃၂ဦး ရှိသည့် စက်ရုံတစ်ရုံလည်းဖြစ်သည်။

ဓာတ်ပုံ-CJ

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform