တောင်ဒဂုံတွင် တစ်ရက်တည်း ပစ်ခတ်မှုသုံးကြိမ်ဖြစ် ရာအိမ်မှူးအပါအဝင် လေးဦးသေ တစ်ဦးဒဏ်ရာရ

Author အောင်နိူင်သူ
Categories
Published on Sep 30, 2022

တောင်ဒဂုံမြို့နယ်ရှိ ရပ်ကွက်အချို့တွင် ယမန်နေ့ နံနက်ပိုင်းမှ ညပိုင်းအထိ ပစ်ခတ်မှုသုံးကြိမ်ဖြစ်ခဲ့ပြီး ရာအိမ်မှူးအပါအဝင် လေးဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတွေဆီကသိရသည်။

တောင်ဒဂုံမြို့နယ် ၂၅ ရပ်ကွက် သံလွင်လမ်းနှင့် ထားဝယ်လမ်းထောင့်တွင် ယမန်နေ့ နံနက်ပိုင်းက ထွေအုပ်အမျိုးသမီးဝန်ထမ်းကို ကားမှတ်တိုင်သို့ လိုက်ပို့သည့် ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“မနက်ပိုင်း ရာအိမ်မှူးပစ်ခတ်မှုဖြစ်ပြီးတော့ ညပိုင်းမှာ၂၅ ရပ်ကွက်မှာပဲ ပစ်ခတ်မှုထပ်ဖြစ်တယ် တစ်ဦးသေတယ် ၅၃ မှာလည်း ပစ်ခတ်မှုဖြစ်သေးတယ် နှစ်ဦးသေတယ်”ဟု ပြောသည်။

ည ခြောက်နာရီခွဲချိန်တွင် တောင်ဒဂုံမြို့နယ် ၅၃ ရပ်ကွက် သီရိမြိုင်လမ်းတွင် အမည်မသိ သေနတ်ကိုင်ဆောင်ထားသူများ၏ ပစ်ခတ်မှုကြောင့် လင်မယားနှစ်ဦး သေဆုံးခဲ့သည်ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

“ပစ်ခတ်မှုဖြစ်ပြီး သံပန်းဆိုင်က လင်မယားသေသွားတယ် ရပ်ကွက်ချင်းတူတော့တယ် လမ်းချင်းမတူတော့ သူတို့ကတွေလဲ ဆိုတာ မသိဘူး”ဟု ပြောသည်။

အလားတူပင် တောင်ဒဂုံမြို့နယ် ၂၅ ရပ်ကွက် လောင်းလုံလမ်းမှာလည်း ယမန်နေ့ညခုနှစ်နာရီက အမည်မသိသေနတ် ကိုင်ဆောင်ထားသူများ ပစ်ခတ်ခဲ့၍ အမျိုးသားတစ်ဦးသေဆုံးခဲ့သည်ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

“အပစ်ခံရတာ ကွမ်းယာရောင်းတဲ့သူဆိုတာ သိတယ် သူကဘာလဲဆိုတာတော့ တိတိကျကျမသိဘူး သေသွားတယ်”ဟု ပြောသည်။

တောင်ဒဂုံမြို့နယ်ရှိ ရပ်ကွက်နှစ်ခုတွင် ယမန်နေ့ နံနက်ပိုင်းမှ ညပိုင်းအထိ ပစ်ခတ်မှုသုံးကြိမ်ဖြစ်ခဲ့ပြီး မည်သည့်အဖွဲ့ပစ်ခတ်ခဲ့သည်ကို CJ Platform အနေဖြင့် သီးခြားအတည်ပြုနိူင်ခြင်းမရှိပေ။

ရန်ကုန်တိုင်း တောင်ဒဂုံ၊ မြောက်ဒဂုံနှင့် ပန်းဘဲတန်းမြို့နယ်တို့တွင် ယမန်နေ့ နံနက်ပိုင်းမှ ညနေပိုင်းအထိ ပစ်ခတ်မှုသုံးကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး၊ရာအိမ်မှူးနှစ်ဦးသေဆုံးကာ ဝန်ထွေအုပ်စာရေးဝန်ထမ်းတစ်ဦးနှင့် အရပ်သားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပုံစာညွှန်း- ပန်းပဲတန်းမြို့နယ်အတွင်း ပစ်ခတ်မှု ပုံအဟောင်း