တောင်ငူက ဒိုးသောင်ချောင်းတံတား မြေကျွံကျပြီး ကျိုးကျ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ် ဒိုးသောင်ကျေးရွာ သောက်ရေခပ်ချောင်းကူးတံတားဖြစ်တဲ့ ဒိုးသောင်ချောင်းကူးတံတားဟာ ဒီကနေ့ ဇူလိုင်လ ၂၉ ရက်နေ့ မနက်မှာ မြေကျွံကျကာ ကျိုးကျသွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သောက်ရေခပ်ချောင်းရေ မြင့်တက်ရာကနေ ဒီကနေ့မှာ အနည်းငယ် ပြန်ကျသွားချိန်မှာ အခုလို မြေပြိုကျပြီး တံတားပြိုကျခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
“ရေက နည်းနည်းကျသွားပေမဲ့ ဒိုးသောင်တံတားအခြေအနေကတော့ မြင်တဲ့အတိုင်းပဲ စိတ်မကောင်းစရာ ဖြစ်ခဲ့တယ်၊ ရေအကျမှာ မြေကျွံကျသွားတဲ့သဘောပါ” လို့ တောင်ငူဒေသခံတစ်ဦးက ပြောပါတယ်။
ဒါအပြင် ရွှေကြက်တောင်ဘုရားသွားတဲ့ လမ်းမှာလည်း ကတ္တရာလမ်းတွေ အပျက်အဆီးတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ပဲခူးတိုင်း (အရှေ့ခြမ်း) ဒိုးသောင်ကျေးရွာအုပ်စုက သောက်ရေခပ်ချောင်းနဲ့ စစ်တောင်းမြစ်ဆုံရာအနီးရှိ ရွာတွေက ဒေသခံတွေဟာ ဆည်ရေလွှတ်မယ်ဆိုတဲ့ ကောလဟာလသတင်းတွေကြောင့် အမြင့်နေရာတွေမှာ နေထိုင်ကြရင်း ပိတ်ပိနေသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ သောက်ရေခပ်ချောင်းရေ ကျဆင်းနေပေမဲ့ ရေစီးကြမ်းတာတွေကြောင့် ဒေသခံတချို့ ရွှေကြက်တောင်ကုန်းပေါ်ကို ပြောင်းရွှေ့နေထိုင်ကြတာတွေ ရှိတယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ဆိုပါတယ်။
တောင်ငူမြို့ပေါ်မှာတော့ ဒီကနေ့ ဇူလိုင် ၂၉ရက်နေ့ မနက်ပိုင်းအစောပိုင်းကနေ စတင်ပြီး အနိမ့်ပိုင်းရပ်ကွက်တွေကို ရေဝင်ရောက်လာနေပါတယ်။
“ရေတက်နှုန်းက နည်းနည်းတော့လျော့သွားပြီ၊ မနှစ်က ရေတက်တာကိုတော့ မမီသေးဘူး တစ်ပေလောက်လိုသေးတယ်”လို့ တောင်ငူမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်တောင်းမြစ်ရေဟာ တောင်ငူရဲ့ စိုးရိမ်ရေအမှတ်အထက် ၂ ပေခန့် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့် ဆက်လက်မြင့်တက်ဖို့ ရှိတယ်လို့ ဒီကနေ့ မနက် ၇ နာရီမှာ မိုးဇလက သတိပေးထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – TT Swe Swe