တောင်ကြီးမြို့ရှိ ကရင်နီစစ်ရှောင်များ လုပ်အားခ နှိမ်ခံနေရဟုဆို

Author ကောန်ဆာန်ရွတ်
Categories
Published on Jan 29, 2024

ကရင်နီ(ကယား)ပြည်မှ ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့သို့ စစ်ဘေးတိမ်းရှောင်နေရသူများသည် တောင်ကြီးဒေသခံများနှင့် လုပ်အားခတန်းတူမရရှိဘဲ လုပ်အားခနှိမ်ခံနေရကြောင်း တောင်ကြီးမြို့ရှိ ကရင်နီစစ်ရှောင်များက ပြောသည်။

 

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများက စစ်ကောင်စီကို တော်လှန်တိုက်ခိုက်မှုများပြင်းထန်လာပြီးနောက် ကရင်နီဒေသခံများ နီးစပ်ရာ မြို့များဖြစ်သည့် တောင်ကြီးအပါအဝင် အနီးနားမြို့အချို့ကို တိမ်းရှောင်ခဲ့ရာတွင် တောင်ကြီးမြို့သို့အများဆုံး စစ်ရှောင်ခဲ့ကြကြောင်း စစ်ရှောင်သူများထံမှ သိရသည်။

ထို့ကြောင့် ထိုစစ်ရှောင်များအနေဖြင့် ရောက်ရာဒေသ၌ ရေရှည်ရပ်တည်နိုင်ရန် ရရာအလုပ်ကို ဝင်ရောက်လုပ်ကိုင်ရာတွင် လုပ်အားခ နှိမ်ခံရသဖြင့် စားဝတ်နေရေးကို အဆင်ပြေစေရန် ဖြေရှင်းနိုင်ရန် ခက်ခဲနေသည်ဟု ၎င်းတို့က ဆိုသည်။

 

“အလုပ်မရှိတော့ စားဝတ်နေရေးအတွက် အလုပ်ကြမ်းဆိုလည်း ဝင်လုပ်လိုက်တာပဲ။ ခက်ခဲနေတဲ့အချိန်ဆိုတော့ ဘယ်လောက်ရရပေါ့။ အဲဒီမှာ ကရင်နီစစ်ရှောင်ဆိုရင် ပိုက်ဆံနည်းနည်းနဲ့ ကြိုက်သလိုခေါ်ခိုင်းလို့ ရတယ်ဆိုပြီး အလုပ်ရှင်တွေပြောတာ မကြာခဏ ကြားရတယ် ” ဟု စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

၎င်းတို့သည် ပုံမှန်အလုပ်အကိုင်မရှိသည့်အပြင် အလုပ်အကိုင်များ ရှားပါးခက်ခဲမှုကြောင့် ပန်းရံ၊ လက်သမားနှင့် တောင်သူ စသဖြင့် အလုပ်ကြမ်းများကို နေ့စားအဖြစ် အများဆုံးဝင်ရောက်လုပ်ကိုင်နေကြသည်ဟု ကရင်နီစစ်ရှောင်များက ဆိုသည်။

 

တောင်ကြီးဒေသခံများ၏ အခြေခံလုပ်အားခမှာ အလုပ်ပေါ်မူတည်၍ တစ်ရက်လျှင် ကျပ် ၁၀,ဝ၀ဝ မှ ၁၅,၀ဝ၀ အထိ ရှိသော်လည်း ကရင်နီစစ်ရှောင်များကိုမူ ကျပ် ၈၀ဝ၀ သာရရှိပြီး အခြေခံလစာကိုလည်း ကျပ် ၁၂၀,၀၀၀ သာပေးကြောင်း ကရင်နီစစ်ရှောင်များက ဆိုသည်။

 

“စစ်ရှောင်စခန်းမှာ နေစရိတ်ငြိမ်းဆိုပြီး လူလာခေါ်တော့ လိုက်သွားတယ်။ ပြောတုန်းကတော့ မုန့်ပဲလုပ်ရမယ်ဆိုပြီး ဟိုရောက်တော့ အိမ်အလုပ်၊ ခြံအလုပ်ကအစ မနက် ခြောက်နာရီကနေ ည ရှစ်နာရီအထိ လုပ်ခိုင်းတယ်။ လစာကိုတော့ ကိုယ်တွေ စစ်ရှောင်မလို့ နေစရာပေးထားတာပဲဆိုပြီး တစ်သိန်းနှစ်သောင်းပဲ ပေးတယ်” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ထပ်မံပြောသည်။

 

အခက်အခဲများစွာကြားက ကြုံရာကျပန်းလုပ်ကိုင်ရင်း ဆက်လက်အသက်ရှင်ရပ်တည်ရန်ကြိုးပမ်းနေသော စစ်ရှောင်များကို လုပ်အားခနှိမ်ခြင်း၊ အမြတ်ထုတ်ခြင်းများ မပြုလုပ်ရန် တောင်ကြီးမြို့ရောက် စစ်ရှောင်များက တောင်းဆိုကြသည်။

 

တောင်ကြီးမြို့နယ်ရှိ ညိုမီးရပ်ကွက်အပါအဝင် ဘုရားဖြူ၊ နားဘောင်၊ မေးခိုနှင့် လွယ်ကောင်းကျေးရွာတို့တွင် ကရင်နီစစ်ရှောင်စခန်းများရှိကြပြီး စစ်ရှောင်စခန်း တစ်ခုလျှင် ပျမ်းမျှ စစ်ရှောင်ဦးရေ ၄၀ဝ ခန့် နေထိုင်လျက်ရှိကြောင်း စစ်ရှောင်များကို ကူညီပေးသူတစ်ဦးက ပြောသည်။ ထို့ပြင် ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်းများတွင်လည်း ကရင်နီစစ်ရှောင်အချို့ တိမ်းရှောင်ခိုလှုံနေရကြောင်း သိရသည်။

ကရင်နီ(ကယား)ပြည်တွင် နိုဝင်ဘာ ၁၁ ရက်နေ့မှစတင်၍ ၁၁.၁၁(တစ်လေးလုံး)စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း ကရင်နီဒေသခံအများအပြား တောင်ကြီးမြို့သို့ စစ်ရှောင်ခဲ့ရသည်။

 

ကရင်နီပြည်တွင် စစ်ကောင်စီနှင့် ကရင်နီတပ်ပေါင်းစုများကြား တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ တောင်ကြီးမြို့ရှိ စစ်ရှောင်စခန်းများသို့ စစ်ရှောင်ဦးရေ ပိုများလာမှုနှင့်အတူ အလှူရှင်နည်းပါးမှု၊ စားဝတ်နေရေးခက်ခဲမှုနှင့် အလုပ်အကိုင်ကျပ်တည်းမှုတို့ကြောင့် ကရင်နီစစ်ရှောင်များ အခက်အခဲများကြုံတွေ့နေရကြောင်း စစ်ရှောင်များက ဆိုသည်။

 

လက်ရှိ ကရင်နီပြည်၏ မြို့တော် လွိုင်ကော်ဒေသခံများ မြို့လုံးကျွတ်စစ်ရှောင်နေကြရသကဲ့သို့ တိုက်ပွဲပြင်းထန်ရာ နေရာများမှ ဒေသခံများသည်လည်း နီးစပ်ရာဒေသများသို့ စစ်ဘေးရှောင်နေကြရ