တောင်ကြီးမြို့တွင် ခိုလှုံရောက်ရှိနေသည့် ကရင်နီစစ်ဘေးရှောင်များကို နေရပ်ပြန်ခိုင်းမှုများရှိနေ

Published on Sep 04, 2022

ကရင်နီပြည်နယ်တွင်း တိုက်ပွဲများကြောင့် နေရပ်ကိုစွန့်ခွာပြီး ရှမ်းပြည်နယ် တောင်ကြီးမြို့ နှင့်အနီးတဝိုက်ကို ထွက်ပြေးတိမ်းရှောင်နေကြသည့် ကရင်နီစစ်ဘေးရှောင်များကို ယခုလကုန်နောက်ဆုံးထားကာ နေရပ်ကိုပြန်ကြဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ပြောဆိုမှုများရှိနေကြောင်း စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးဆောင်ရွက် နေသူများထံမှ သိရသည်။

၂၀၂၂ခုနှစ် ဇန်ဇဝါရီလအတွင်း ဖြစ်ပွားခဲ့သည့် လွိုင်ကော်မြို့တွင်း တိုက်ပွဲများကြောင့် လွိုင်ကော်အပါအဝင် ဒီမော့ဆိုနှင့် ဖရူဆိုမြို့နယ်ထဲမှ ဒေသခံ သောင်းဂဏန်းဝန်းကျင်ဟာ ရှမ်းပြည်နယ်အတွင်းရှိ ဆီဆိုင်၊ ကလော ၊ညောင်ရွှေနှင့် တောင်ကြီးမြို့များကို စစ်ဘေးတိမ်းရှောင်ခဲ့ကြရသည်။

“သူတို့က ဒီလကုန်ရွှေ့ဖို့ပြောတယ် နေရပ်ပြန်ဖို့ပေါ့ ဟိုမှာတောင် ကျမတို့ကအိမ်မရှိတော့ဘူး အိမ်မရှိတော့တဲ့နေရာကို ဘယ်လိုပြန်မတုန်း “ဟု တောင်ကြီးမြို့တွင် စစ်ဘေးတိမ်းရှောင်နေသည့် လွိုင်ကော်မြို့မှ စစ်ဘေးတိမ်းရှောင်လာသူတစ်ဦးက CJ Platform ကိုပြောသည်။

ယခုလို နေရပ်ပြန်ကြရန် ပြောဆိုခြင်းခံရသည့် စစ်ရှောင်များသည် တောင်ကြီးမြို့ပေါ်တွင် အဆောင် ဌားရမ်းနေထိုင်ကြသူများနှင့် စစ်ရှောင်စခန်းများတွင် နေထိုင်သူများလည်း ရှိသလို ဆွေမျိုးများအိမ်တွင် နေထိုင်ကြသူများလဲရှိပြီး ယခင်က ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ နာမည် မှတ်ပုံတင်နံပါတ်များပေးကာ ဧည့်စာရင်းတိုင်၍ နေထိုင်ကြရပြီး ယခုအခါ ဧည့်စာရင်းတိုင်ခြင်းကို လက်မခံတော့ဘဲ နေရပ်ပြန်ခိုင်းနေခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်ပြည်သူများအား ကူညီဆောင်ရွက်ပေးနေသူများက ဆိုသည်။

“ကျွန်တော်ကြားတာက သူတို့ဧည့်မပေးတော့ဘူးကြားတယ် တချို့နေရာတွေမှာကြတော့ ဆက်နေမယ်ဆို အထောက်အထားပြပေါ့ အဲ့လိုတောင်းတာရှိတယ် “ဟု တောင်ကြီးမြို့တွင် စစ်ရှောင်ကူညီရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

တောင်ကြီးမြို့နယ်က စစ်ဘေးရှောင်စခန်းများကို ယခုရက်ပိုင်းအတွင်းမှာကြက်ခြေနီအဖွဲ့များနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်WFP ကနေ လာရောက်ကူညီမေးမှုများရှိခဲ့ပေမယ့် နေရပ်ပြန်ခိုင်းတဲ့ ဖြစ်စဥ်များရှိနေပဲ ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲများကြောင့် ကရင်နီဒေသက ဒေသခံ ၂သိန်းကျော်ဟာ စစ်ဘေးလွတ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ကရင်နီဒေသ လူဦးရေရဲ့ ၃ပုံ ၂ပုံကျော်မှာ စစ်ဘေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။
#ကရင်နီ #စစ်ဘေးရှောင် #နေရပ်ပြန်လွှတ် #တောင်ကြီးမြို့