တောင်ကြီးတွင် အရက်မူးသောင်းကျန်းနေသူ တစ်ဦးကို သွားဖမ်းသည့် ရဲနှစ်ဦး ဓားဖြင့်ခုတ်ခံရ

Author အောင်နိူင်သူ
Categories
Published on Oct 13, 2022

တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်တွင် အရက်မူးပြီး သောင်းကျန်းနေသူတစ်ဦးကို သွားဖမ်းသည့် ရဲနှစ်ဦးဓားဖြင့် အခုတ်ခံရ၍ ဆေးရုံတင်ထားရသည်ဟု မြို့ခံတွေဆီက သိရသည်။

ဘုရားဖြူရပ်ကွက်တွင် ယနေ့ နံနက် ၉နာရီခန့်က အရက်မူးပြီးသောင်းကျန်နေသူ အမျိုးသားတစ်ဦးကို အပိုင်နယ်ထိန်းနှင့် ရဲတပ်သားတစ်ဦးက သွားရောက်ဖမ်းဆီးရာ ဓားဖြင့်ခုတ်ခဲ့ရ၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“အရင်ကာလလို ရဲတွေက ရမလားလို့ လာဖမ်းတာ ဟိုကဓားနဲ့ခုတ်ပစ်တာ နယ်ထိန်းရယ် ရဲတပ်သားရယ် ဒဏ်ရာရတယ် စစ်တပ်က လာဖမ်းမှ ပါသွားတာ”ဟု ရှင်းပြသည်။

ဓားဖြင့်အခုတ်ခံရသူများမှာ တောင်ကြီးမြို့မရဲစခန်းမှ နယ်ထိန်း ဒုတပ်ကြပ်ဇာလွင်အောင်နှင့် တပ်သားထွန်းဝင်းတို့ဖြစ်ပြီး တောင်ကြီးဆေးရုံကို ပို့ဆောင်ထားရသည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

လက်ရှိအခြေအနေတွင် ပြစ်မှုကျူးလွန်သူဟုစွပ်စွဲခံရသူကို တောင်ကြီးမြို့မရဲစခန်းမှ ဖမ်းဆီးချုပ်နှောင် ထားပြီး စစ်ဆေးနေသည်ဟု မြို့ခံတွေဆီက သိရသည်။