တောင်ကြာအင်း၌ ကျားဖြူစစ်ကြောင်းနှင့် စစ်ကောင်စီတပ် တိုက်ပွဲအတွင်း စစ်သား ၄ ဦးေ-သဆုံး ၁၀ ဦးကျော်ဒဏ်ရာရ

Author လင်းခိုင်
Categories
Published on Nov 24, 2022

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ တောင်ကြာအင်းတွင် ကျားဖြူစစ်ကြောင်းနှင့် စစ်ကောင်စီ တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၄ ဦးသေဆုံးကာ ၁၀ ဦးကျော်ဒဏ်ရာရခဲ့ကြောင်း ကျားဖြူစစ်ကြောင်း၊ တပ်ခွဲ ၂မှ တပ်ခွဲမှူး ကိုသူဇော်က CJ Platform သို့ပြောသည်။

“တောင်ကြာအင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကျားဖြူစစ်ကြောင်း၊ ခွဲ ၁၊ ခွဲ ၂၊ ခွဲ ၃ ပေါင်းပြီးတိုက်ကျတာ၊ စစ်တပ်ဘက်က ၄ဦးကျတယ်။ ၁၀ ဦးကျော်ဒဏ်ရာရတယ်လို့ကြားတယ်” ခွဲ ၂ တပ်ခွဲမှူး ကိုသူဇော်က ပြောသည်။

နို၀င်ဘာ ၂၂ ရက် နံနက် ၉နာရီ ၁၀ မိနစ်တွင် တောင်ကြာအင်း၌ စစ်ကောင်စီတပ် နှင့် ကျားဖြူ စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ၊ ကျားဖြူစစ်ကြောင်း၊ တပ်ခွဲ ၂ မှ ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ရိက္ခာပို့ကားတစ်စီးနှင့် ပွိုင့်တူးတူး တစ်လက် ဖုန်း ၅လုံးနှင့်၊ စစ်သုံးကျောပိုးအိတ်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ဆုံးရှုံးခဲ့ကြောင်း ကျားဖြူတပ်ခွဲ ၂ က ထုတ်ပြန်ထားသည်။

“နို၀င်ဘာ ၂၂ ရက်နေ့ တိုက်ပွဲမှာ ကျွန်တော်တို့ရဲဘော် သုံးယောက်ထိတယ်။ ကားတစ်စီးရယ်၊ စစ်အသုံးအဆောင် ပစ္စည်းအချို့ တိုက်ပွဲမှာကျန်ခဲ့တယ်။စစ်ကောင်စီဘက်ကနေပြီး လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်လို့ လူနေအိမ်အချို့လည်း ပျက်စီးတယ်”ဟု ကိုသူဇော်က ပြောကြားသည်။

ယနေ့(နို၀င်ဘာ ၂၄ ရက်) နံနက် အစောပိုင်းတွင်လည်း တောင်ကြာအင်းတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်များသည် ကျားဖြူစစ်ကြောင်းရှိရာသို့ အင်အား ၆၀ ဖြင့် စစ်ကြောင်းထိုးလာသည့်အတွက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်းသိရသည်။

“ဒီမနက်တင် ထိတွေ့တိုက်ပွဲထက်ဖြစ်သေးတယ်။ အင်အား ၆၀ လောက်နဲ့တက်လာတာ၊ ကျွန်တော်တို့ ကာကင်းနဲ့တွေ့ပြီးတော့ အချိန်အနည်းငယ်တိုက်ပွဲဖြစ်တာ၊ သူတို့ဘက်က နှစ်ယောက်ဒဏ်ရာရပြီးတော့ ပြန်ဆုတ်သွားတယ်” ဟု ကိုသူဇော်က CJ Platform သို့ပြောသည်။

တောင်ကြားအင်း၌ ဖြစ်ပွားသည့် တိုက်ပွဲကြောင့် အနီးအနားရှိ ရွာသုံးရွာမှ ဒေသခံပြည်သူများဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရကြောင်း၊ စစ်ကောင်စီဘက်မှလည်း နို၀င်ဘာ ၂၂ ရက်မှ စတင်ကာ နို၀င်ဘာ ၂၄ရက်(ယနေ့) ထိ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်နေသည့် အပြင် လေကြောင်းမှလည်း ကင်းထောက်မှုများပြုလုပ်နေသည်ဟု ယင်းကဆိုသည်။

ဓာတ်ပုံ- ကျားဖြူတပ်ခွဲ၂
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ကျားဖြူစစ်ကြောင်း #တောင်ကြားအင်း