တောင်ကုတ်-မအီလမ်းပိုင်း ဖျက်ဆီးပြီးနောက် မြို့တွင်း၌ စစ်ကောင်စီ လှည့်လည်စစ်ကြောင်းထိုးနေသည့်အပြင် လုံခြုံရေးအင်အား ပိုမိုတိုးမြှင့်ထား

Author လင်းနွေဦး
Categories
Published on Mar 25, 2024

ရခိုင်ပြည်၊ တောင်ပိုင်းမြို့များသို့ ကူးသန်းသွားလာရေး အဓိကကျသည့် တောင်ကုတ်-မအီလမ်းမကြီးကို စစ်ကောင်စီက မြေတူးစက်များဖြင့် ဖျက်ဆီးပြီးနောက် တောင်ကုတ်မြို့တွင်း စစ်ကြောင်းထိုးလှည့်လည် စစ်ဆေးမှုများပြုလုပ်နေသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

 

တောင်ကုတ်-မအီလမ်းသည် တောင်ကုတ်၊ မအီ၊ အမ်း၊ ကျောက်ဖြူ၊ ရမ်းဗြဲ စသည့် ရခိုင်တောင်ပိုင်းမြို့များသို့ သွားလာရာတွင် အရေးပါသော လမ်းမကြီးဖြစ်သည်။ ထိုလမ်းကို စစ်ကောင်စီက မတ် ၁၉ ရက်နေ့မှစတင်ဖျက်ဆီးခဲ့ကြသည်။

 

“ခုက နှစ်ရက်လောက်ရှိပြီ။ ညပိုင်းတွေဆို မြို့ပေါ်ရပ်ကွက်တွေထဲ ပတ်ပြီးကင်းလှည့်တယ်။ အင်အားက လက်နက်အပြည့်အစုံနဲ့ ၄၀ နဲ့ ၅၀ ကြားအသာလေးပါတယ်။ မြို့ပြင်တော့ သူတို့ မထွက်ရဲဘူး။ မြို့ထဲပဲ ပတ်နေတာ။ လမ်းဖျက်ပြီးနောက်ပိုင်း စစ်ကြောင်းပုံစံနဲ့ ပိုပြီး သတိထားလာတာ” ဟု အသက် ၃၅ နှစ်အရွယ် တောင်ကုတ်ဒေသခံ အမျိုးသားတစ်ဦးက CJ Platform သို့ပြောသည်။

ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်များ လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် မြို့တွင်းသို့ ဝင်ရောက်ရာ စစ်ဆေးရေးဂိတ်များတွင် ယခင်ကထက် လုံခြုံရေးအင်အား ပိုမိုအသုံးပြု ချထားသည်ကို တွေ့မြင်ရကြောင်း ယင်းမြို့ခံများထံမှ သိရသည်။

 

စစ်ကောင်စီတပ်သားများအနေဖြင့် အခြားမြို့နှင့် သွားလာရေးကိစ္စများရှိပါက ရဟတ်ယာဉ်ကိုသာ အသုံးပြုကြောင်း အသက် ၂၀ ဝန်းကျင် ဒေသခံအမျိုးသမီးတစ်ဦးက CJ Platform သို့ပြောသည်။

 

တောင်ကုတ်မြို့တွင် စစ်ကောင်စီ လက်အောက်ခံ အဓိက စစ်ဆေးရေးဂိတ် သုံးခုရှိပြီး မအီမြို့သို့အထွက် တောင်ကုတ်တက္ကသိုလ်ဂိတ်၊ ပန်းတောင်းမြို့သို့အထွက် ပန်းတောင်း-တောင်ကုတ်လမ်းတွင် ကြိုးကြာကွင်း စစ်ဆေးရေးဂိတ်နှင့် သံတွဲမြို့သို့အထွက် တပ်မဌာနချုပ် စကခ(၅)အနီးတွင် ဖုန်ညို စစ်ဆေးရေးဂိတ်ဟူ၍ ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

 

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီမှ ရခိုင်မြောက်ပိုင်းဒေသမြို့များအဖြစ် မင်းပြား၊ ကျောက်တော်၊ ပေါက်တော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မြေပုံမြို့တို့အပြင် တောင်ပိုင်းဒေသက ရမ်းဗြဲမြို့ကိုလည်း ရက္ခိုင့်တပ်တော် (AA)ထံ လက်လွှတ်ဆုံးရှုံးထားရသည်။

 

ထို့ပြင် ရသေ့တောင်၊ မောင်တောမြို့များရှိ လက်အောက်ခံ စစ်စခန်းများကိုလည်း ယခုရက်ပိုင်းအတွင်း ထပ်မံလက်လွှတ် ဆုံးရှုံးထားရသည့်အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (အမ်း)တိုင်းမှူးအဖြစ် တာဝန်ယူထားသည့် ဗိုလ်ချုပ် ထင်လတ်ဦးနေရာတွင် နာမည်ကြီး တပ်မတစ်ခုဖြစ်သည့် ပဲခူး-အင်းတကော် အခြေစိုက် တပ်မ အမှတ်(၇၇)မှ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ဟန်ကို အစားထိုး ခန့်အပ်ကာ ရာထူးပြောင်းလဲမှုများကိုလည်း စစ်ကောင်စီက ပြုလုပ်ထားသည်။

Related News

Depend on news