တူရကီအစိုးရအဆောက်အအုံကို အကြမ်းဖက်သမားနှစ်ဦး အသေခံဗုံးခွဲတိုက်ခိုက်

Published on Oct 02, 2023

တူရကီနိုင်ငံမြို့တော် အန်ကာရာရှိ အစိုးရအဆောက်အအုံတစ်ခုကို အကြမ်းဖက်တိုက်ခိုက်ရေးသမားနှစ်ဦးက ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် တူရကီ ရဲအရာရှိနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အကြမ်းဖက်သမား နှစ်ဦးစလုံး သေဆုံးသွားခဲ့ကြောင်း ထိုသတင်းတွင်ဖော်ပြပါရှိသည်။

တူရကီအစိုးရက ယခုတိုက်ခိုက်မှုအတွက် အီရန်က ကာဒစ်ရှ်ပြည်သူ့စစ်အဖွဲ့က တာဝန်ရှိသည်ဟု အခိုင်အမာပြောကြားသည်။

Reuters သတင်းဌာနမှ ရရှိထားသည့် စီစီတီဗွီရုပ်သံမှတ်တမ်းများအရ တိုက်ခိုက်မှုမဖြစ်ပွားမီ ပြည်ထဲရေးဝန်ကြီးဌာနရုံး၏ အဓိကဝင်ပေါက်ရှေ့သို့ ကားတစ်စီး ချဉ်းကပ်လာပြီး ထိုယာဉ်ပေါ်မှ လူနှစ်ဦးဆင်းလာသည်ကို တွေ့ရှိခဲ့ရသည်။

ထိုနှစ်ဦးထဲမှ တစ်ဦးက အဆောက်အအုံရှေ့သို့ လမ်းလျှောက်လာပြီး ကျန်တစ်ယောက်က လမ်းမပေါ် တွင် နေခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

ထိုတိုက်ခိုက်မှုတွင် အသေခံဗုံးခွဲသည့် အကြမ်းဖက်သမားတစ်ဦး သေဆုံးသကဲ့သို့ လမ်းမပေါ်က အကြမ်းဖက်သမားတစ်ဦးသည်လည်း အနီးရှိ ရဲများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

ယခုအဖြစ်အပျက်ကြောင့် အစိုးရအဆောက်အအုံများနှင့် ပါလီမန်လွှတ်‌တော်တည်ရှိသည့် ဗဟိုခရိုင်အနီးတဝိုက်တွင် အလွန်အမင်းမငြိမ်မသက်ဖြစ်သွား‌ကြောင်း တူရကီပြည်ထဲရေးဝန်ကြီးက ဆိုသည်။

တိုက်ခိုက်မှုအပြီး နာရီပိုင်းအကြာတွင်ပြုလုပ်သည့် ပါလီမန်လွှတ်တော် အဖွင့်အစည်းအဝေး၌ တူရကီသမ္မတ ရီဂျစ် တိုင်ယစ် အာဒိုအန်က နံနက်ပိုင်းကဖြစ်ခဲ့သည့် အဖြစ်အပျက်နှင့်ပတ်သက်၍ “တူရကီကို အကြမ်းဖက်ဖို့ ကြိုးစားတဲ့ နောက်ဆုံးအကြိမ်” ဟု သုံးနှုန်းပြောကြားခဲ့သည်။

“ဒေသတွင်းငြိမ်းချမ်းရေးနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို ထိပါးနှောင့်ယှက်ခြိမ်းခြောက်ချင်သူတိုင်းဟာ သူတို့ရဲ့ ရည်ရွယ်ချက်ကို ဘယ်တော့မှ ပြည့်လာမှာမဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

“အကြမ်းဖက်သမားနှစ်ယောက်က LCV အမျိုးအစားယာဉ်ကို မောင်းနှင်လာတာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးရုံးရဲ့ ဝင်ပေါက်ရှေ့က လုံခြုံရေးတပ်ဖွဲ့တွေရှိတဲ့နားမှာ ဗုံးဖောက်ခွဲခဲ့တာပါ” လို့ တူရကီ ပြည်ထဲရေးဝန်ကြီးက ၎င်း၏ X (ယခင်တွစ်တာ)အကောင့်ပေါ်မှတစ်ဆင့် ပြောကြားသည်။

ထိုတိုက်ခိုက်မှုကြောင့် ရဲအရာရှိနှစ်ဦး ထိခိုက်ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

တူရကီအာဏာပိုင်များက နောက်ဆုံးကျန်နေသေးသည့် အကြမ်းဖက်သမားကို မရှင်းနိုင်မချင်း ယခုပြဿနာများ ရပ်တန့်သွားမည် မဟုတ်‌ကြောင်း ပြောသည်။

ကာဒစ်စတန်အလုပ်သမားပါတီ(PKK)ပြည်သူ့စစ်အဖွဲ့နှင့် နီးစပ်သည့် ANF သတင်းဝက်ဘ်ဆိုက်ကမူ ယခုတိုက်ခိုက်မှုကို ပြုလုပ်ခြင်းမှာ ‘Immortals Battalion’ ဟုအမည်ရသည့် အဖွဲ့မှဖြစ်ကြောင်း PKK ၏ထုတ်ပြန်ချက်ကို မှီငြမ်းဖော်ပြထားသည်။

ထိုထုတ်ပြန်ချက်အတွင်း ယခုအသေခံဗုံးခွဲတိုက်ခိုက်မှုသည် ပါလီမန်ဖွင့်ပွဲနှင့် အချိန်ကိုက်စီစဉ်ထားခြင်းဖြစ်ပြီး ၎င်းတို့နှင့် ချိတ်ဆက်မှုရှိသည့် Immortals Battalion အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲသည်။

PKK အဖွဲ့သည် တူရကီ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရသည့်အဖွဲ့ဖြစ်ပြီး ယင်းအဖွဲ့သည် ၁၉၈၄ ခုနှစ်ကစ၍ တူရကီအရှေ့တောင်ဘက်ခြမ်း၌ အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကာ ထိုပဋိပက္ခနှင့် တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ လေးသောင်းကျော် သေဆုံးခဲ့ရသည်။

ယခုတူရကီပြည်ထဲရေးဝန်ကြီးရုံးတိုက်ခိုက်မှုသည် ၂၀၁၆ ခုနှစ် ၇ နှစ်အတွင်း အန်ကာရာတွင် ပထမဆုံးအကြိမ်ပြန်လည်တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ မတ်လအတွင်း အန်ကာရာမြို့ရှိ ကုန်သွယ်ရေးဗဟိုချက်နေရာတစ်ခုတွင် ဗုံးတင်ထားသည့် ကားတစ်စီးပေါက်ကွဲခဲ့၍ ဒေသခံပြည်သူ ၃၇ ဦး သေဆုံးခဲ့သည့်ဖြစ်စဉ်ကို PKK က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တူရကီက ဆိုသည်။