တုံးဗျောကြီးကျေးရွာရှိ စစ်ကောင်စီပူးပေါင်းစခန်းအား သွားရောက်တိုက်ခိုက်ရာ သုံးဦးသေဆုံး

Author မင်းထက်
Categories
Published on Dec 03, 2023

တနင်္သာရီတိုင်း ၊ မြိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ တပ်သားများအား တနင်္သာရီပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ( ၁ ) အဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကြောင်း မြိတ်ခရိုင်တပ်ရင်း (၂) တာ၀န်ရှိသူတစ်ဦးက​ CJ Platform သို့ပြောသည်။

 

ယမန်နေ့  ဒီဇင်ဘာလ (၂)ရက်နေ့  မွန်းလွဲ ၂ နာရီ အချိန်တွင်  မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာရှိ စစ်ကောင်စီ လက်အောက်ခံ စစ်သားနှင့် ပျူစောထီးများ ပူးပေါင်းစခန်းချထားသည့် တုံးဗျောကြီးစခန်းအား သွားရောက် တိုက်ခိုက်ခဲ့ကြောင်း၊ (၂၀) မိနစ်ခန့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ကောင်စီဘက်မှ  သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

တဖက်တွင်လည်း ၄င်းတိုက်ခိုက်မှုအတွင်း ပြည်သူကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁)မှ ရဲဘော် နှစ်ဦး ဒဏ်ရာရရှိ (မစိုးရိမ်) ခဲ့ကြောင်း သိရသည်။

 

အလားတူပင် ဒီဇင်ဘာလ (၂) ရက်နေ့ နံနက် ၅နာရီခွဲအချိန်ကလည်း မြိတ်ဘက်မှ ကမ်းမလိုင်းအခြေစိုက် ခမရ- ၅၅၈ တပ်ရင်းသို့  လက်နက်ခဲယမ်း တင်ဆောင်လာကားကို တနင်္သာရီမြို့နယ် ၊ဘန်းလမွတ်ကျေးရွာအုပ်စု ၊ညောင်ပင်ကုန်းကျေးရွာအနီးတွင် သွားရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အထက်ပါ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

 

“ပဒေသာမိုင်း အသင့်ထောင်ထားတဲ့ မိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ ၊ ထိခိုက်မှု မသိသေးပါဘူး ခင်ဗျာ။ တိုက်ခိုက်ခံရပြီးနောက်မှာ အနီးနားက အမတ ၃၀၆ က လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့တယ်ဗျ”ဟု မြိတ်ခရိုင်တပ်ရင်း၂ တာ၀န်ရှိသူတစ်ဦးက ​ပြောသည်။

 

၄င်းတိုက်ခိုက်မှုများတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း(၁)သည် မြိတ်ခရိုင်တပ်ရင်း(၂)၊ တပ်ခွဲ(၁)၊ ဘက်မလိုက်ပြောက်ကျားအဖွဲ့ ၊တောင်ပိုင်းသူရဲကောင်းအဖွဲ့(SWDF)၊နှင့် မြိတ်မြို့နယ်ပကဖတို့ ပူပေါင်း ပါဝင်ပါခဲ့ကြောင်း သိရသည်။

 

တနင်္သာရီမြို့နယ်အတွင်းတွင် ဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ဒေသခံမိဘပြည်သူများ ၊ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာ သွားလာနေထိုင်ပေးကြပါရန်နှင့် မိဘပြည်သူများ၏ လုံခြုံရေးကိုရှေးရှု၍ မေတ္တာရပ်ခံပါကြောင်း မြိတ်ခရိုင်တပ်ရင်း (၂) က ဒီကနေ့ ဒီဇင်ဘာ (၃) ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်သည်။

 

ဓာတ်ပုံ – မြိတ်ခရိုင်တပ်ရင်း (၂)