တုန်းရှမ်းဒေသမှ တပ်စခန်းတစ်ခု ထပ်မံသိမ်းယူနိုင်ပြီးနောက် စစ်ကောင်စီ၏ စစ်ကူကို တားဆီးနိုင်ရန် လားရှိုးနှင့် မူပန် (သိန္နီ) ကြားရှိ တံတားကို ဖျက်ဆီးလိုက်သည်ဟု MNDAA ထုတ်ပြန်

Author အဂ္ဂ
Categories
Published on Dec 01, 2023

၁၀၂၇ စစ်ဆင်ရေး (၃၅) ရက်မြောက်နေ့ဖြစ်သည့် ယမန်နေ့ (နိုဝင်ဘာ ၃၀) ရက်နေ့တွင် တုန်းရှမ်းဒေသ တာရှင့်ကျိုင်နှင့် တိုက်ကြာကျိုင့်နေရာ ကြားတွင်ရှိသော စစ်ကောင်စီတပ်စခန်း တစ်ခုကို ထပ်မံသိမ်းယူနိုင်ခဲ့ သလို စစ်ကောင်စီ၏ စစ်ကူများကို တားဆီးနိုင်ရန်အတွက် လားရှိုးနှင့် မူပန် (သိန္နီ) ကြားရှိ တံတားကိုလည်း ဖျက်ဆီးလိုက်သည်ဟု ကိုးကန့်တပ် (MNDAA) ၏ ယမန်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

 

ယမန်နေ့ နံနက် (၈) နာရီ (၃၀) မိနစ်အချိန်တွင် ကိုးကန့်တပ်များသည် တရုတ် – မြန်မာ နယ်စပ် မှတ်တိုင် (၁၂၆၊ ၁၂၇) နေရာသို့ ချီတက်လာခဲ့ပြီး တုန်းရှမ်း‌ဒေသ တာရှင့်ကျိုင်နှင့် တိုက်ကြာကျိုင့်နေရာတွင်ရှိသော  စစ်ကောင်စီ၏ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ကာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းအချို့ ကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။

ရန်သူ၏ စစ်ကူများလာရောက်မှုကို တားဆီးရန်အတွက် လားရှိုး နှင့် မူပန် (သိန္နီ) ကြားရှိ နန်တုံတံတားကို မူပန် (သိန္နီ) ခရိုင်လုံခြုံရေးအဖွဲ့က နိုဝင်ဘာ (၂၉) ရက်နေ့တွင် ဖျက်ဆီးပစ်ခဲ့ပြီး ယမန်နေ့ နံနက်ပိုင်း၌လည်း မူပန် (သိန္နီ) ခရိုင်၊ သန်လွင်အုပ်စုတွင် လှုပ်ရှားလျက်ရှိသော စစ်ကောင်စီတပ်ဖွဲ့ကို ကိုးကန့်တပ်နှင့် ဒေသ လုံခြုံရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ ဒရုန်းဖြင့် သုံးကြိမ် တိုက်ခိုက်ခဲ့သေးသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

 

လက်ရှိအချိန်တွင် ကိုးကန့်တပ်နှင့် မဟာမိတ်တပ်ပေါင်းစုတို့က ချင်းရွှေဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ပန်ဆိုင်းနှင့် ကုန်းကြမ်း စသည့်မြို့နယ် ငါးခုကို အလုံးစုံ သိမ်းပိုက်ရရှိထားသကဲ့သို့ စစ်ကောင်စီ၏ တပ်စခန်း အကြီး အသေးစုစုပေါင်း (၁၈၆) ခုနှင့် တရုတ် – မြန်မာ ကုန်သွယ်ရေးအတွက် အရေးပါသည့် ချင်းရွှေဟော်၊ မုံးကို၊ ပန်ဆိုင်းနှင့် ကျင်းစန်းကျော် နေရာများတွင်ရှိသည့် နယ်စပ်ဂိတ် လေးခုကိုပါ အောင်မြင်စွာ သိမ်းပိုက်ထားနိုင်ပြီဟု ဆက်လက် ဖော်ပြထားသည်။

 

ညီနောင်သုံးဖွဲ့၏ အောက်တိုဘာ (၂၇)တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်တခွင်တွင် စစ်ကောင်စီသည် မြို့ ခုနစ်မြို့နှင့် စခန်းပေါင်း (၂၂၀) ကျော် လက်လွှတ်ထားရပြီဖြစ်သလို ၁၀၂၇ စစ်ဆင်ရေး နှင့်အတူ ဟန်ချက်ညီတိုက်ပွဲများဆင်နွှဲလာသည့် နိုင်ငံအနှံ့တွင် တပ်စခန်းများလက်လွှတ်ထားရသည့် အပြင် စစ်ကိုင်းတိုင်းတွင် မြို့ သုံးမြို့၊ ချင်းပြည်တွင် မြို့  ခုနစ်မြို့၊  ကရင်နီပြည်တွင် မြို့ တစ်မြို့ လက်လွှတ်ထားရပြီ ဖြစ်သည့်အတွက် တနိုင်ငံလုံးတွင် မြို့ပေါင်း (၁၈) မြို့အထိ လက်လွှတ်ထားရပြီ  ဖြစ်သည်။

 

အလားတူပင် ရက္ခိုင့်တပ်တော် (AA) က  ၁၀၂၇ စစ်ဆင်ရေး ဟုဆိုကာ နိုဝင်ဘာ (၁၃) ရက်နေ့မှ စတင်၍ တကျော့ပြန် စစ်ပွဲများ စတင်ခဲ့သည့် ရခိုင်ပြည်တွင်လည်း စစ်ကောင်စီသည် စခန်းပေါင်း (၄၄) ခုထက်မနည်း လက်လွှတ်ဆုံးရှုံးထား ရပြီလည်း ဖြစ်သည်။ ထို့အပြင် ပေါက်တောမြို့နှင့် ပလက်ဝမြို့နယ်ရှိ နှုံးဘူးဗျူဟာနှင့် တရွန်အိုင်ဗျူဟာတို့ကို ရက္ခိုင့်တပ်တော်က သိမ်းယူနိုင်ရန် နိုဝင်ဘာ (၁၃) ရက်နေ့ ကတည်းက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီ ဘက်ကလည်း ကြည်း၊ ရေ၊ လေ အစုံသုံးကာ ခုခံကာကွယ်၍ တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်လျက်လည်း ရှိသည်။