“တို့ဆေး ဘာလဲ၊ ဘယ်လဲ”

Author မောင်
Categories
Published on Mar 16, 2024

အခုရက်ပိုင်းမှာ ‘တို့ဆေးနဲ့ တို့ပြီး ခေါ်သွားတယ်’၊ ‘ကားပေါ်ကနေ တို့ဆေးတို့ပြီး ခေါ်သွားတယ်’ ဆိုတာတွေ သိသိသာသာ များလာတာကို စာဖတ်သူတို့ သတိထားမိကြမှာပါ။ အများစုကလည်း တို့ဆေးလို့ ပြောလိုက်ရင် တို့လိုက်တာနဲ့ အချိန်တိုအတွင်း အသိစိတ်ပျောက်သွားတဲ့ ဆေးအဖြစ် မှတ်ထင်ကြပါတယ်။ ဒါပေမဲ့ တကယ့်တကယ်တမ်း တို့ဆေးဆိုတာ ဘာလဲ . . .?။ တကယ်ရော လူကိုတို့လိုက်တာနဲ့ အလုပ်ဖြစ်လား . . . ?။ ဒီမေးခွန်းတွေနဲ့အတူ လူအများစု အသိမှားလေ့ရှိတဲ့ တို့ဆေးအကြောင်းကို CJ Platform ရဲ့ ဒီအပတ် ‘သိစေချင်လို့’ ကဏ္ဍမှာ ဖော်ပြပေးချင်ပါတယ်။

 

မြန်မာနိုင်ငံက ပြည်သူအများကြားထဲမှာ နာမည်ကြီးနေတဲ့ “တို့ဆေး” လို့ ခေါ်တဲ့ ဆေးကို ကတ်တမင်း (Ketamine) လို့ ခေါ်ပါတယ်။ ကတ်တမင်းကို ဆေးဘက်ဆိုင်ရာ ခွဲစိတ်ခန်းတွေမှာ လူနာကို နာကျင်မှုသက်သာစေဖို့၊ မခံစားရစေဖို့အတွက် မေ့မြောသွားအောင် “မေ့ဆေး” အဖြစ် အဓိက အသုံးပြုကြတာပါ။ ပြီးရင် နိုက်ကလပ်တွေ၊ ပွဲတွေမှာလည်း Party drugs မူးယစ်ဆေးဝါးအဖြစ် ကတ်တမင်းကို သုံးကြပါသေးတယ်။ လူတွေအတွက် အကျိုးရှိပေမဲ့ ဘေးထွက်ဆိုးကျိုးအတော်များသလို အန္တရာယ်လဲရှိတာမို့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတော်တော်များများမှာ ထိန်းချုပ်ဆေးဝါးအဖြစ် သတ်မှတ်ထားကြတာပါ။

 

“ကတ်တမင်း” ဟာ အရည်၊ အမှုန့်၊ အဆီ စတဲ့ ပုံစံအမျိုးမျိုးနဲ့ လာတတ်ပြီး အသုံးပြုတဲ့ ပမာဏအပေါ် မူတည်လို့ ပျမ်းမျှအချိန် တစ်နာရီကနေ သုံးနာရီလောက်အထိ လူကို မေ့မြောစေနိုင်ပါတယ်။ ကတ်တမင်းဆေးရဲ့ အာနိသင်က အသုံးပြုပြီး မိနစ်ပိုင်းအတွင်းမှာ စတင် သက်ရောက်တာပါ။ ဆေးရုံ၊ ဆေးခန်းတွေမှာတော့ ကတ်တမင်းကို အသားထိုးဆေးအဖြစ် အသုံးပြုကြပြီး ကြွက်သားထဲကို ထိုးသွင်းသလို အကြောထဲကိုလည်း ထိုးသွင်းလေ့ရှိတာပေါ့။ ကတ်တမင်းဆေးရဲ့ အာနိသင်က အသုံးပြုပြီး မိနစ်ပိုင်းအတွင်းမှာ သက်ရောက်သလို အသုံးပြုတဲ့ ပမာဏအပေါ်ကို လိုက်ပြီး ဖြစ်လာနိုင်တဲ့ အကျိုးအာနိသင်နဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဖော်ပြပေးချင်ပါတယ်။

 

“ကတ်တမင်း”ကို ထိုးဆေးအဖြစ် အသုံးပြုတဲ့အခါ ပမာဏမှန်ရင် မေ့မြောသွားတယ် ဆိုပေမဲ့ ဆေးပြယ်ချိန်မှာတော့ မူးဝေတာ၊ ပုံရိပ်နှစ်ထပ်မြင်တာ၊ နှလုံးခုန်နှေးပြီး အသက်ရှူရခက်တာ၊ ပျို့အန်ချင်ချင်တာ၊ အိပ်ချင်၊ မှိန်းချင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အဆိုးဆုံးအနေနဲ့ သတိလစ်သွားတာမျိုးအထိ ဖြစ်နိုင်တာမို့ ဆေးရုံဆေးခန်းတွေမှာဆိုရင် မေ့ဆေးပေးပြီးတဲ့ လူနာကို မျက်ခြေမပြတ် စောင့်ကြည့်ကြရတာပေါ့။

 

“ကတ်တမင်း” အမှုန့်ကို ပမာဏနည်းနည်း ရှူရင်တော့ မူးဝေတာ၊ ထင်ယောင်ထင်မှားဖြစ်တာ၊ လေပေါ်လွင့်နေသလို ခံစားချက်ရတာအပြင် စိတ်နဲ့ လူနဲ့ မကပ်တော့တာမျိုး၊ စိတ်ဖိစီးမှုလျော့ကျပြီး ပျော်ရွှင်တာမျိုးတွေ ဖြစ်နိုင်လို့ ပါတီနဲ့ ကလပ်တွေမှာ အပျော်သဘော ရှုကြပါတယ်။ ရှူတဲ့ ပမာဏများသွားရင်တော့ အမြင်အာရုံဝေဝါးတာ၊ တက်တာ၊ အကြောဆွဲတာ၊ လှုပ်ရှားမှုတွေ လေးပြီး မတက်ကြွတော့တာ၊ နှလုံးခုန်မြန်တာနဲ့ သွေးပေါင်ချိန်ထိုးတက်တာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ အဆိုးဆုံးအခြေအနေမှာဆိုရင် သုံးနေရင်း ပြင်းပြင်းထန်ထန် သတိလစ်မေ့မြောသွားပြီး ဦးနှောက်ကိုမာဝင်တာမျိုး အထိတောင် ဖြစ်နိုင်ပါတယ်။ ‘တန်ဆေး လွန်ဘေး’ ဆိုသလို အသုံးမတတ်ရင် ရေတိုမှာရော ရေရှည်မှာပါ ဆိုးကျိုးများတာမို့ “ကတ်တမင်း” ကို ထိန်းချုပ်ဆေးဝါးအဖြစ် သတ်မှတ်ထားကြတာပါ။

 

ကတ်တမင်းရဲ့ ဒီလိုအာနိသင်တွေကြောင့်ပဲ မကောင်းတဲ့လူတွေအဖို့ လက်နက်တစ်ခုသဖွယ် ဖြစ်သွားစေတာပေါ့။ ကတ်တမင်းဆေးကို ဆေးဘက်ဆိုင်ရာမှာ ထိန်းချုပ်ထားပေမဲ့ ဒုစရိုက်မှောင်ခိုလောကနဲ့ မူးယစ်ဆေးဈေးကွက်မှာတော့ ပေါပေါသီသီ ဝယ်ယူရရှိနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ နာမည်ကြီးတဲ့ “တို့ဆေး” ဆိုတာကလဲ အဲဒီ ကတ်တမင်းပါပဲ။

 

ဒါဆိုရင် “ကတ်တမင်း” က လူကို တို့လိုက်ရုံနဲ့ အလုပ်ဖြစ်တဲ့ တို့ဆေးလား . . .? ဆိုရင်တော့ လုံးဝ မဟုတ်ပါဘူး။ တို့ဆေးလို့သာ လူတွေ ပါးစပ်က အလွယ်ခေါ်ကြပေမဲ့ ဆေးဘက်ဆိုင်ရာ သုတေသနတွေက ကတ်တမင်းကို ထိုးဆေးအဖြစ် အသုံးပြုတာနဲ့ အသက်ရှူလမ်းကြောင်းကတဆင့် ရှုသွင်းတာကပဲ အာနိသင်ရှိစေတယ်လို့ အခိုင်အမာ ဖော်ပြထားပါတယ်။

 

နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေရဲ့ အဆိုအရ ဒုစရိုက်သမားတွေဟာ လက်နဲ့ ကိုင်လိုက်ရင် ပျောက်သွားနိုင်အောင် သေးငယ်တဲ့ ဆေးထိုးအပ်ငယ်လေးတွေထဲ ကတ်တမင်း ထည့်ပြီး ပုခုံးကြွက်သား၊ လက်မောင်းကြွက်သား၊ လည်ပင်းကြွက်သား စတဲ့ နေရာတွေကို ထိုးတာမျိုး လုပ်ကြတာပါ။ ကျွမ်းကျင်ပြီး လက်ယဉ်တဲ့ ဝါရင့်တွေကတော့ ပုခုံးကို ပုတ်လိုက်တာ၊ လက်မောင်းကို ရိုက်လိုက်တာမျိုးနဲ့တင် လူကို ထိုးကြတာဖြစ်ပြီး အထိုးခံရတဲ့သူကလဲ ထိုးလို့ ထိုးမှန်း မသိရလောက်အောင် ပုရွက်ဆိတ်ကိုက်သလောက်ပဲ နာကျင်ပါတယ်။ နောက်တစ်နည်းကတော့ အမှုန့်ကို ရှူမိအောင် တစ်နည်းနည်းနဲ့ လုပ်တာမျိုးပါ။

 

ဒီလိုနည်းလမ်းတွေကို သုံးလုပ်မှပဲ ကတ်တမင်းက လူအပေါ် အကျိုးသက်ရောက်မှု ရှိစေတာပါ။ တို့ရုံနဲ့တင် အာနိသင်ပြတာမျိုးက မဖြစ်နိုင်ပါဘူး။ နောက်ပြီး စိတ်ချယုံကြည်ရတဲ့ ဆေးဘက်ဆိုင်ရာ အရင်းအမြစ်တွေအရ “ကတ်တမင်း” ကနေ ကာကွယ်နိုင်မဲ့ ဆေးလဲ မရှိသေးသလို ချက်ချင်းပျက်ပြယ်သွားအောင် လုပ်နိုင်တဲ့ ဆေးဝါးမျိုးလဲ မပေါ်သေးတဲ့အတွက် ကိုယ်တိုင်သာ သတိထား ဆင်ခြင်ပြီး အခုလို အကာလအချိန်တွေမှာ သတိထား သွားလာနေထိုင်ကြဖို့ CJ Platform ရဲ့ အပတ်စဉ် တင်ဆက်နေကြ သိစေချင်လို့ ကဏ္ဍကနေ နှိုးဆော်လိုက်ပါတယ်။ နောက်တစ်ပတ်မှာ ပြန်ဆုံပါမယ်။

 

References – Doheny, K. (2023, December 18). Health risks of ketamine: What to know. WebMD.

– Gage, S. (2017, September 20). What are the effects of ketamine? The Guardian.

– BBC News မြန်မာ. (2023, June 26). မြန်မာကနေ အရှေ့တောင်အာရှအထိပျံ့တဲ့ ကေနဲ့ အီး. BBC News မြန်မာ.

-Moawad, H., MD. (2024, January 4). What is ketamine? Verywell Health.

Image by boonchai wedmakawand/Getty Images