တိုင်းရင်းသားမဟာမိတ်များနှင့် ဆွေးနွေးပြီး တော်လှန်ရေး အဆုံးအဖြတ်ပေးနိုင်မည့် နှစ်တစ်နှစ်အဖြစ် စီမံဆောင်ရွက်နေဟုဆို

Author လင်းခိုင်
Categories
Published on Dec 06, 2022

တိုင်းရင်းသားမဟာမိတ်များ(ERO) နှင့် ဆွေးနွေးပြီး တော်လှန်ရေးအဆုံးအဖြတ်ပေးနိုင်မည့် နှစ်တစ်နှစ်အဖြစ် စီမံဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက ပြောကြားသည်။

ဒီဇင်ဘာ ၅ရက်တွင်ပြုလုပ်ခဲ့သည့် ကြားကာလ ဒေသန္တရ အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတွင် ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဌ မန်း၀င်းခိုင်သန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တစ်နှစ်တာ မဟာဗျူဟာအစီအမံကို ချမှတ်ပြီး ၀န်ကြီးဌာန သီးသီး၏ ကော်မတီတို့မှာ တိုင်းရင်းသားမဟာမိတ် ERO များနဲ့ ညှိနှိုင်းဆွေးနွေးပေါင်းစပ်ပြီး တော်လှန်ရေးကို အဆုံးအဖြတ်ပေးနိုင်မည့် နှစ်တစ်နှစ်ဖြစ်ရန် စီမံဆောင်ရွက်လျက်ရှိတာကို အသိပေးလိုပါတယ်” ဟု ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားသည်။

ထို့ပြင် တော်လှန်ရေး၏ အရေးပါဆုံးလုပ်ငန်းဖြစ်သည့် စိုးမိုးထိန်းချုပ် နယ်မြေများတွင် ဒေသန္တရ အုပ်ချုပ်ရေး အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုပေးရန် ပြည်ထောင်စု၀န်ကြီးချုပ်က တိုက်တွန်းခဲ့သည်။

ယင်းအပြင် စစ်ကိုင်း၊ မကွေး၊ ချင်းနှင့် ကရင်နီ စသည့်ဒေသများသည် အခြားဒေသများထက်စာလျှင် စစ်အုပ်စု၏ မတရားမှုကို ခါးစည်းခံနေရကြောင်း၊ အချင်းချင်းညီညွတ်မှုနှင့် အချက်အလက်များကို ဖလှယ်ကာ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ပူးပေါင်းဆောင်ရွက်မှုတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ပူးပေါင်းကူညီဆောင်ရွက်မှု မပါပါက ခက်ခဲနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားသည်။

ဆက်လက်ပြီး ကြားကာလဒေသန္တရအုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ သည် တစ်နှစ်ကျော်ကာလတွင် တိုးတက်အောင်မြင်မှုများရှိသကဲ့သို့ လိုအပ်ချက်များရှိနေဆဲဖြစ်ကြောင်း၊ မြေပြင်ထိဆင်းကာ စီမံခန့်ခွဲမှုများ လုပ်ဆောင်ရသည့် ကော်မတီဖြစ်ကာ၊ ပြည်သူများ ပိုမိုလုံခြုံစေရန်နှင့် ဆုံးရှုံးမှုများ မဖြစ်စေရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တာ၀န်ရှိကြောင်း ယင်းက ပြောကြားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #မန်းဝင်းခိုင်သန်း