တိုက်ပွဲရပ်ပြီဆိုသည့် သတင်းမှားကြောင့် ဆီဆိုင်မြို့ထဲ ပြန်ဝင်လာသော ဒေသခံ ၂၀ ဦးထက်မနည်း စစ်ကောင်စီပစ်ခတ်ဖမ်းဆီး၍ ထိခိုက်သေဆုံး

Published on Mar 27, 2024

တိုက်ပွဲပြင်းထန်နေသည့် ရှမ်းပြည်(တောင်ပိုင်း)၊ ဆီဆိုင်မြို့အတွင်းသို့ တိုက်ပွဲရပ်ပြီဆိုသော သတင်းမှားကို ယုံကြည်ပြီး မြို့တွင်းဝင်ရောက်လာသူများကို စစ်ကောင်စီပစ်ခတ်ဖမ်းဆီးသဖြင့် ဒေသခံ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသေဆုံးခဲ့ရသည်ဟု ပအိုးဝ်အမျိုးသားများလွတ်မြောက်ရေးတပ်မတော်(PNLA)ပြောခွင့်ရပုဂ္ဂိုလ်က CJ Platform သို့ပြောသည်။

 

ဆီဆိုင်မြို့တွင်းနှင့် မြို့အနီးတစ်ဝိုက်တွင် နေ့စဉ်တိုက်ပွဲများပြင်းထန်းနေဆဲဖြစ်ပြီး စစ်ကောင်စီမှ မြို့တွင်းသို့ တင့်ကားများအထိ အသုံးပြုပြီး ထိုးစစ်ဆင်နေသည်ဟု PNLA ၏ မတ်လ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

 

ထို့ပြင် လက်နက်ကြီးများ၊ ဒရုန်းများကို အသုံးပြုပြီး နေ့စဉ်ကဲ့သို့ အဆက်မပြတ်ပစ်ခတ်နေသဖြင့် ပြည်သူ့နေအိမ်များစွာ ပျက်စီးဆုံးရှုံးနေရကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

မတ်လ ၂၇ ရက်နေ့တွင် ဆီဆိုင်မြို့အတွင်းသို့ ပြည်သူများ အရဲစွန့်ကာ ဝင်ရောက်ရန်ကြိုးစား၍ စစ်ကောင်စီနှင့်အပေါင်းအပါများက ပစ်ခတ်ဖမ်းဆီးခြင်းများပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး တချို့မှာ အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးနေသည်ဟု PNLA သတင်းတာဝန်ခံ ခွန်ရိန်းယံက ပြောသည်။

 

“အဲဒီနေရာမှာ ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေလည်း ပြတ်နေတယ်လေ။ လူမှုကွန်ရက်ပေါ်မှာ သတင်းတု၊ သတင်းမှားတွေကို ယုံကြည်ကြလို့ဖြစ်တာလို့ထင်တယ်။ အရင်ကလည်း အဲဒီလိုပဲ။ ဘယ်ရက်ဆို ဝင်လို့ရပြီလို့ ပြောတာတွေကို ယုံကြည်ပြီး ဝင်ကြတာ။ စစ်တပ်က ပစ်လို့ ၇ ယောက်လောက် သေခဲ့တယ်။ အခုလည်း ပစ်ခတ်ခံရတာ၊ ဖမ်းဆီးခံရတာနဲ့ဆို ၂၀၊ ၃၀ လောက်တော့ရှိမယ်” ဟု ၎င်းက CJ Platform သို့ပြောသည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)၏ တရားဝင် သတင်းထုတ်ပြန်ချက်များကို စောင့်ကြည့်ကြရန်နှင့် တရားဝင်အသိပေးထုတ်ပြန်ခြင်းမရှိသေးဘဲ မြို့တွင်းသို့ အရဲစွန့်ဝင်ရောက်ခြင်းများ မပြုလုပ်ကြရန် ခွန်ရိန်းယံက တိုက်တွန်းပြောဆိုသည်။

 

ထို့ပြင် ယမန်နေ့ မတ်လ ၂၆ ရက်နေ့ကလည်း ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသရှိ လုံးဒါကျေးရွာအတွင်း ဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခိုးယူသယ်ဆောင်ခဲ့ပြီး ထိုရွာတွင်ပင် တပ်စွဲထားသည်ဟု သိရသည်။ စစ်ကောင်စီသည် လွယ်မောတောင်ဒေသအပါအဝင် ပအိုးဝ်ဒေသများကို နေ့စဉ် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။