တိုက်ပွဲများ ပြင်းထန်နေသည့် ကော့ကရိတ်မြို့တွင် စစ်ဘေးရှောင်များ နေထိုင်ရေးနှင့် စားနပ်ရိက္ခာ အခက်အခဲများဖြင့် ကြုံတွေ့နေရ

Author သီရိ
Categories
Published on Feb 27, 2024

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ (၁) ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကာ ဒေသခံ ပြည်သူများမှာ စစ်ဘေးတိမ်းရှောင်ရေပြီး ယနေ့ အချိန်ထိ နေရပ်ပြန်နိုင်ခြင်း မရှိသေးဘဲ အခက်အခဲများဖြင့် ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင် ပြည်သူများက ပြောသည်။

 

ကော့ကရိတ်မြို့မှ စစ်ရှောင်ပြည်သူ နှစ်သောင်းဝန်းကျင်သည် ဘားအံမြို့၊ မြဝတီမြို့၊ မော်လမြိုင်မြို့၊ ကျုံဒိုးမြို့နှင့် ဘေးလွတ်ရာ အနီးအနားကျေးရွာများရှိ ဆွေမျိုးများရှိရာ နေအိမ်များနှင့် ဘုန်းကြီးများတွင် စစ်ဘေးတိမ်းရှောင် နေရသည်။

 

စစ်ရှောင်ပြည်သူများအတွက် စားသောက်ကုန်များ ၊အဝတ်အထည်များနှင့် ဆေးဝါများ လိုအပ်လျက်ရှိပြီး တချို့မှာ နေထိုင်စရာ မရှိခြင်းကြောင့် ပလတ်စတစ် မိုးကာစများကာရံကာ နေထိုင်နေရပြီး မိုးရာသီရောက်ရှိလာပါက ပိုမိုဆိုးရွာစွာ ရင်ဆိုင်လာရနိုင်ကြောင်း သိရသည်။

“အခက်အခဲကတော့ အများကြီးပေါ့ တချို့ဆို မြေကြီးပေါ်မှာပဲ ပတ်တူခင်းကာပြီး(ပလတ်စတစ်စများ) နေနေရ တယ်၊ သူများဆန်လာဝေရင် အပြေးအလွှား သွားယူရတယ်၊ နောက်ပိုင်း အလှူရှင်လည်း ရှားလာတယ်၊ အခုက နွေရာသီမို့လို့ တော်သေးတယ်၊ မိုးရာသီဆို မတွေးရဲစရာပဲ မြို့မှာသွားနေကြတဲ့ သူတွေလည်း အိမ်၊ရေ၊မီးလခမပေးနိုင်ကြတော့ ရွာဘက်တွေ ပြန်ပြေးလာကြတယ်”ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

 

ထို့အပြင် စစ်ရှောင်တချို့မှာ သွားရောက်နေထိုင်ရာ နေရာများတွင် ကြုံရာကျပန်း အလုပ်များကို လုပ်ကိုင်နေသူများလည်း ရှိသလို မိသားစုအတွက် စားဝတ်နေရေး၊ သားသမီးများအတွက် ပညာရေးအတွက်လည်း ပူပန်နေရကာ ကောကရိတ်မြို့တွင်း ပြန်လည်နေထိုင်ခွင့် ရပါကလည်း အများစုမှာ နေထိုင်စရာ အိမ်မရှိတော့ကြောင်း စစ်ရှောင်တစ်ဦးက ဆိုသည်။

 

“အခုစစ်ရှောင်တာ သုံးလဝန်းကျင်ဖြစ်နေပြီ မိသားစုမပြောနဲ့ တစ်ယောက်ထဲနေတဲ့သူတွေတောင် အဆင်မပြေဘူး စားစရာတွေလည်းဈေးကြီး မြို့ကလူတွေက လက်လုပ်လက်စားများ တယ်လေ အားလုံးက ခက်ခဲနေကြတာကြီးပဲ တချို့နေရာမှာ စစ်ရှောင်သွားတဲ့သူတွေ နေစရာမရှိလို့ မြေကြီးထဲမှာ အိမ်နေတဲ့သူတွေတွေ့တော့ ဝမ်းနည်းတယ်”ဟု စစ်ရှောင် အမျိုးသားတစ်ဦးက ပြောသည်။

 

တိုက်ပွဲများ ဖြစ်ပွားနေသည့် ကော့ကရိတ်မြို့တိုက်ပွဲအတွင်း အကြိမ်၂၀ခန့် မီးလောင်မှုဖြစ်ပွားခဲ့ကာ နေအိမ်အလုံး ၄၀၀ ခန့် မီးလောင်ပျက်စီးခဲ့ပြီး စစ်ရှောင်များနေထိုင်သည့် ဘုန်းကြီးကျောင်းအချို့မှာလည်း ယခု ဖေဖော်ဝါရီလကုန်အထိသာ နေထိုင်ခွင့်ပေးတော့မည်ဖြစ်ကြောင်း စစ်ရှောင်ပြည်သူများ၏ ပြောပြချက်အရ သိရသည်။

 

ဓာတ်ပုံ – CJ