တိုက်ကြီးတွင် ဆင်ဖြူတော်သွားဖမ်းသည့်အဖွဲ့ ပိုက်ဆံယူပြီးပြန်မလာ၍ စစ်ကောင်စီအဖွဲ့များ လိုက်လံရှာဖွေနေ

Author ကိုပေါက်
Categories
Published on Oct 24, 2022

တိုက်ကြီးမြို့နယ်တွင် ဆင်ဖြူတော် တွေ့ရှိသည်ဆိုသည့် သတင်းကြောင့် စစ်ကောင်စီအဖွဲ့မှ ဆင်ဖမ်းသည့် အဖွဲ့ကို ငွေကြေးပေးပြီး စေလွှတ်လိုက်ရာ ပြန်လည်ရောက်ရှိလာခြင်း မရှိသည့်အတွက် စစ်ကောင်စီတပ်က လိုက်လံ ရှာဖွေနေသည်ဟု မြို့ခံတွေဆီက သိရသည်။

တိုက်ကြီးမြို့ ဥက္ကံတိုက်နယ် ကင်းမတီးကျေးရွာနှင့် ကွမ်းသီးကန်ကျေးရွာဘက်ရှိ တောအတွင်း၌ ဆင် ဖြူတော်တွေ့ရှိသည်ဟု သတင်းများကြားရပြီးနောက် နေပြည်တော်သို့စာပို့ကာ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဖမ်းဆီးပေးရန်တာဝန်ယူခဲ့သည်ဟု စစ်တပ်နှင့်နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“ခမရ ၁၁ က ဗိုလ်မှူးတစ်ယောက်က စစ်သားတွေရယ် ဆင်ဖမ်းတဲ့အဖွဲ့တွေရယ်ခေါ်ပြီး ဥက္ကံနဲ့တိုက်ကြီးကို ရောက်လာတယ် ဆင်ဖြူတော်ကို လိုက်ရှာကြတာပေါ့ ဆယ်သိန်းပေးလိုက်ကြတာ ဆင်ဖမ်းတဲ့အဖွဲ့က ပိုက်ဆံယူပြီးကတည်းက ပြန်မလာတော့လို့ တောနင်းပြီးလိုက်ရှာနေတယ်”ဟု ပြောသည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးအနေဖြင့် ပြီးခဲ့သည့် လများနှင့် ရက်ပိုင်းအတွင်းက ရန်ကုန်တိုင်းအတွင်းပစ်ခတ်မှုဖြစ်စဉ်များအတွက် ဆင်ဖြူတော်ဖြင့် အပြစ်များကို ဖုံးမိနိူင်ရန် စီစဥ်ခဲ့တာဖြစ်သည်ဟု စစ်မှုထမ်းဟောင်းတစ်ဦးက CJ Platform ကိုပြောသည်။

“တပ်ကတောင် ဆင်ဖြူတော်လို့ မသတ်မှတ်ရသေးဘူး ဗျူဟာမှူးတစ်ယောက်က ညွန့်ဝင်းဆွေကို အကြံပေးပြီးနေပြည်တော်ကို ဆင်ဖြူတော်တွေ့တယ် ရှာနေတယ်ဆိုပြီး လုပ်တာ အခုသွားရှာတဲ့အဖွဲ့ကမတွေ့ဘူး ပေးလိုက်တဲ့ပိုက်ဆံပါယူပြီး ပျောက်နေတယ်”ဟု ရှင်းပြသည်။

အဆိုပါ သတင်းများအပေါ် စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က “ဆင်ဖြူတော် ဟုတ်မဟုတ် စိစစ်ဆဲဖြစ်ပါတယ်။ မြေပြင်စိစစ်ရန်အတွက် တောတောင်ထဲဖြစ်သဖြင့် အချိန်ယူရမှာဖြစ်ပါတယ်။ ကျွမ်းကျင်သူများက မျက်မြင်တွေ့ စိစစ်ပြီးမှသာ သိရှိနိုင်မှာဖြစ်ပါတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်ကလည်း ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မတစ်ကောင်မှ ဆင်ဖြူတော်အထီးတစ်ကောင်ကို မွေးဖွားခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
#ဆင်ဖြူတော် #ဆင်ဖမ်းအဖွဲ့ #ငွေလိမ်ထွက်ပြေး