တာမွေမြို့နယ် ဦးချစ်မောင်အိမ်ယာ Real Life Advertising ကုမ္ပဏီ မီးလောင် နှစ်ဦးဒဏ်ရာရ

Author ကိုပေါက်
Categories
Published on Dec 09, 2022

တာမွေမြို့နယ် တာမွေကြီး(ခ) ရပ်ကွက် ဦးချစ်မောင်ယာရှိ Real Life Advertising ကုမ္ပဏီတွင် ယနေ့ နေ့လယ် ၂နာရီ၂၀ မိနစ်ခန့်က မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ရာ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

AGD bank ဘေးချင်းကပ်ရှိ Real Life Advertising ကုမ္ပဏီအဆောက်အဦးတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တာမွေမြို့နယ် မီးသတ်စခန်းမှ မီးသတ်ကားလေးစီးနှင့် လူမှုကူညီရေးအသင်းများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မီးမထိန်းနိူင်ဘဲ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် Level 1 အဆင့် မီးသတ်ယာဥ်များဖြင့် မီးငြိမ်းသတ်ခဲ့ရာ ၂ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းခဲ့သည်ဟု မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောသည်။

“မီးလောင်ရတဲ့ အကြောင်းအရင်းနဲ့ ဆုံးရှုံးမှုကိုတော့ စစ်ဆေး တွက်ချက်နေတုန်းပါ အခု ပြောလို့မရသေးပါဘူး”ဟုပြောသည်။

မီးလောင်ကျွမ်းသည့်အချိန်တွင် Real Life Advertising  ကုမ္ပဏီအဆောက်အဦး ပထမမှအထပ်မှ ခုန်ဆင်းသည့်အမျိုးသားတစ်ဦးကို အောက်မှဖမ်းပြီးကူညီခဲ့သည့် အမျိုးသားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည်။

“မီးလောင်တဲ့အချိန် Real Life ပေါ်က လူတစ်ယောက်ခုန်ချတာ အောက်ကနေလူကဖမ်းပြီး ကယ်တာ နှစ်ဦးစလုံးဒဏ်ရာရသွားတယ် ပရဟိတအဖွဲ့တွေက ဆေးရုံကိုပို့ပေးလိုက်တယ်”ဟုရှင်းပြသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်၊ ရဲနှင့်အုပ်ချုပ်ရေးအဖွဲ့က ဦးချစ်မောင်အိမ်ယာနှင့် အနီးတဝိုက်တွင် လုံခြုံရေး အပြည့်ယူထားသည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။