တာမွေမြို့နယ် သီတာလမ်းရှိ ပွဲဈေးတန်းတွင် စစ်ကောင်စီမှ လူငယ်အချို့အား သေနတ်ဖြင့် ပစ်ခတ်

Author မွန်း
Categories
Published on Dec 09, 2023

တာ‌မွေမြို့နယ် သီတာလမ်းရှိ ပွဲဈေးတန်းတွင် ဒီဇင်ဘာလ ၈ ရက်နေ့ ည ၆နာရီ ၃၂ မိနစ်ခန့်က စစ်ကောင်စီမှ လူငယ်တချို့အား ပစ်ခတ်ဖမ်းစီးခဲ့ပြီး လူငယ်နှစ်ဦး သေဆုံးသွားခဲ့ကြောင်း အဆိုပါ ဖြစ်စဉ်အား သိရှိသူ  ရပ်ကွက်နေ ပြည်သူတစ်ဦးမှ CJ Platform ကို ပြောသည်။

 

သီတာလမ်းရှိ ကားမှတ်တိုင်အနီး လမ်းမထက်တွင် လူငယ်တချို့မှ လူထုလှုပ်ရှားမှုအဖြစ် ကားတာယာများ မီးရှို့ကာ ဆန္ဒထုတ်ဖော်အပြီး မီးငြှိမ်းသတ်နေစဉ် စစ်ကောင်စီ၏ လှည့်ကင်းတစ်ခုမှ တွေ့ရှိကာ လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ ယင်းသို့ ဖမ်းဆီးမှုကြောင့် လူငယ်တချို့မှာ သီတာလမ်းရှိ ပွဲစျေးတန်းအတွင်းသို့ တိမ်းရှောင်ထွက်ပြေးစဉ် အရပ်ဝတ်များဝတ်ဆင်ထားသည့် စစ်ကောင်စီတပ်မှ ပစ်ခတ်ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းဖြစ်စဉ်တွင် လူငယ် ရှစ်ဦးခန့် ဖမ်းဆီးခံခဲ့ရပြီး သေနတ်ဖြင့် ပစ်ခတ်ခံရသူ လူငယ်နှစ်ဦးအား စစ်ကောင်စီတပ်မှ Air Wave အမျိုးအစား အနက်ရောင် မော်တော်ယာဉ်တစ်စီးပေါ်သို့ တင်ဆောင် သွားခဲ့ကြောင်း သိရသည်။

 

“အရပ်ဝတ်နဲ့ကောင်တွေ ဝိုင်းဖမ်းတာ၊ စဖမ်းထဲက သေနတ် ၂ချက် ဆင့်ပစ်တယ်၊ ထပ်ပစ်သေးတယ် ၊သေနတ်သံကြားရပြီး ဖမ်းသွားတာပဲ၊ စထိတဲ့ ကလေးကတော့ သွေးအိုင်ထဲကနေ ကားအမဲပေါ်တင်သွားတယ်” ဟု ရပ်ကွက်နေပြည်သူတစ်ဦးမှ ပြောသည်။

 

ပစ်ခတ်မှုအပြီးတွင် စစ်ကောင်စီတပ်မှ အနီးဝန်းကျင်ရှိ လူငယ်များအား ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ တာမွေမြို့နယ်တစ်ခုလုံးအား လုံခြုံရေး တင်းကျပ်ကာ နေအိမ်အချို့အား ဧည့်စာရင်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

 

စစ်ကောင်စီ၏ ပစ်ခတ်ဖမ်းစီးခြင်းခံရသူ လူငယ်နှစ်ဦးမှာ သေနတ်ဒဏ်များဖြင့် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း တာမွေမြို့နယ် တော်လှန်ရေးအင်အားစု အဖွဲ့တစ်ခုမှ အတည်ပြုခဲ့သော်လည်း CJ Platform အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာညွှန်း – ရန်ကုန်မြို့တွင်း လုံခြုံရေးကင်းလှည့်နေသည့် စစ်ကောင်စီတပ်အား မြင်ရပုံ