တရုတ် ဖမ်းဝရမ်းထုတ်ထားသည့် ‘ဝ’ အရာရှိနှစ်ဦးကို စစ်ကောင်စီဖမ်းဝရမ်းထပ်ထုတ်

Author ခေတ်နီ
Categories
Published on Oct 19, 2023

အွန်လိုင်းငွေလိမ် လုပ်ငန်းများနှင့်ပါဝင်ပတ်သက်သည်ဟုဆိုကာ တရုတ်နိုင်ငံဘက်မှ ဖမ်းဝရမ်းထုတ်ထားသည့် “ဝ”ပြည်သွေးစည်းညီညွှတ်ရေးတပ်ဖွဲ့(UWSA)အရာရှိ နှစ်ဦးကို စစ်ကောင်စီကလည်း ဖမ်းဝရမ်းထုတ်ကြောင်း စစ်ကောင်စီပိုင် သတင်းစာများကတစ်ဆင့် အောက်တိုဘာလ ၁၈ ရက် ညပိုင်းတွင်ထုတ်ပြန်လိုက်သည်။

“ဝ”ကိုယ်ပိုင်အုပ်ချုပ်မှုနယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုများတွင်ပါဝင်ကာ သွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးဆွဲမှုများ၊ ခြောက်လှန့်တောင်းယူမှုများကို ကျူးလွန်ခြင်းနှင့် ကျူးလွန်ရန်အားထုတ်ခြင်း၊ ကျူးလွန်သူများကို အားပေးကူညီမှုများကြောင့် ဟိုပန်ခရိုင်တရားရုံးမှ ဖမ်းဝရမ်းထုတ်ထားခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။

ချန်ယန်ပန်(ခေါ်)ပေါက်အိုက်ပန်းနှင့် ရှောက်ရန်ပန်(ခေါ်)ဟောက်ချွင်ထင်တို့နှစ်ဦးကို ပြီးခဲ့သည့်အောက်တိုဘာ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဖမ်းဝရမ်းထုတ်ခဲ့သည်။

တရုတ်ဘက်က ဖမ်းမိအောင်သတင်းပေးနိုင်သူများကိုတရုတ်ယွမ်တစ်သိန်းမှ ငါးသိန်းအထိပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။

ထိုသို့တရုတ်နိုင်ငံဘက်မှ ဖမ်းဝရမ်းထုတ်ပြီးနောက်ပိုင်း UWSA ဘက်မှလည်းပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်နေ့မှာ ၎င်းတို့နှစ်ဦးကို ရာထူးမှထုတ်ပယ်ကြောင်း ထုတ်ပြန်ခဲ့သည်။

၎င်းတို့သည် တရုတ်ပြည်၏ ဥပဒေများကို ချိုးဖောက်ခဲ့ကြသည့်အပြင် “ဝ”ပြည်၏ နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများ၏ ဆက်ဆံရေးကိုပါ ထိခိုက်အောင် လုပ်ခဲ့ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုနှင့် ဆက်ဆံရေးကိုပါ ထိခိုက်စေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆိုသည်။

UWSA အနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူ ထောင်ဂဏန်းခန့်ကို နယ်စပ်ဂိတ်များများတစ်ဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်နှင့် “ဝ”ဒေသများတွင် အွန်လိုင်းငွေလိမ်ခြင်း၊ လောင်းကစားနှင့် လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင် ပြည်တွင်းမှလူငယ်အများအပြား လူကုန်ကူးရောင်းစားခံရသည့် ဖြစ်စဥ်များလည်း ရှိခဲ့ပြီး ထိုလုပ်ငန်းများတွင် လုပ်ကိုင်ရသည့် အမျိုးသမီးအချို့ကို တရုတ်ရာဇဝတ်ဂိုဏ်းများမှ ညှင်းပန်းနှိပ်စက်ခြင်းနှင့် အဓမ္မပြုကျင့်ခြင်းများ အထိပါ လုပ်ဆောင်ခဲ့သည့် ဖြစ်စဥ်များရှိကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ယမန်နေ့က ထုတ်ပြန်သည့် ငရဲတွင်း၌ပိတ်မိခြင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါအစီအရင်ခံစာအရ တရုတ်ရာဇဝတ်ဂိုဏ်များအနေဖြင့် “ဝ”ဒေသအတွင်းမှာ မြန်မာစစ်တပ်ပိုင် Mytel ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုလှုပ်ရှားနေကြောင်း သိရသည်။

ဓာတ်ပုံ- တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာန
ပုံစာ- ဖမ်းဝရမ်းထုတ်ခံထားရသူများ