တရုတ်၏ အကူအညီဖြင့် မြောက်ပိုင်းသုံးဖွဲ့နှင့် ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီဆို

Author ခေတ်နီ
Categories
Published on Dec 11, 2023

တရုတ်နိုင်ငံ၏ အကူအညီဖြင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ နိုင်ငံပိုင်မီဒီယာမှတဆင့် ယနေ့တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

 

အဆိုပါ ဆွေးနွေးမှုကို စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီမှ တာဝန်ရှိသူများနှင့်  ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးဆင်နွဲနေသည့် ကိုးကန့်တပ်မတော် MNDAA၊ ရက္ခိုင့်တပ်တော်AA၊ တအာင်းတပ်မတော်TNLAမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး ရှမ်းမြောက်စစ်ပွဲများကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

 

ထိုဆွေးနွေးပွဲ တိုးတက်မှုအပေါ် မူတည်ပြီး ယခုဒီဇင်ဘာလ လကုန်ပိုင်းတွင် ဆက်လက် ဆွေးနွေးသွားရန် ရှိနေကြောင်းလည်း ဆိုထားသည်။

 

အဆိုပါ ဆွေးနွေးပွဲ၏ လုပ်ဆောင်ခဲ့သည့် နေရာနှင့် နေ့ရက်အပြင် ဆွေးနွေးခဲ့သည့် အချက်အလက်များကို စစ်ကောင်စီဘက်မှ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

 

ထို့အပြင် စစ်ကောင်စီအနေဖြင့် နယ်စပ်ဒေသတည်ငြိမ်ရေးကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် လားရှိုးမြို့သို့ စစ်အာဏာသိမ်းခေါင်းဆောင် သွားရောက်ခဲ့ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

 

စစ်ကောင်စီ၏ ထုတ်ပြန်မှုနှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ တာဝန်ရှိသူများထံ CJ Platformမှ ဆက်သွယ်မေးမြန်းဆဲဖြစ်သည်။

 

ဓာတ်ပုံ – MNDAA

 

ပုံစာညွှန်း – စစ်ကောင်စီ၏ တပ်စခန်းတစ်ခုအား ညီနောင် မဟာမိတ်အဖွဲ့များမှ သိမ်းပိုက်ထားပုံ