တရုတ်လုပ်ငန်းရှင်က လုပ်အားခခေါင်းပုံဖြတ်နေပြီး အိုတီမဆင်းနိုင်သည့် အလုပ်သမားများကို အလုပ်ထုတ်ပစ်နေ

Published on Dec 14, 2022

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်အတွင်းရှိ တရုတ်နိုင်ငံသားပိုင်စက်ရုံတခုတွင် အလုပ်ရှင်မှ အလုပ်သမားများ၏ လုပ်အားခများကို ခေါင်းပုံဖြတ် သိမ်းယူနေပြီး အိုတီကြေးအပြည့်မပေးဘဲ အိုတီခေါ်ကာ မဆင်းပေးနိုင်သည့် အလုပ်သမားများကိုလည်း အလုပ်မှ ထုတ်ပယ်မှုများ ရှိနေကြောင်း သိရသည်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ဇေယျာသီရိ (၄)ရက်ကွက်ရှိ တရုတ်နိုင်ငံသားပိုင် နန်းစတော့ အထည်ချုပ်စက်ရုံတွင် အလုပ်ရှင်မှ အလုပ်သမားများ၏တနင်္ဂနွေ အိုတီကြေးများအား အပြည့်မပေးသည့် အပြင် အိုတီမဆင်းပေးနိုင်သည့် အလုပ်သမားများအား အလုပ်မှထုတ်ပယ်မှုများ ပြုလုပ်နေတာပဲဖြစ်သည်။

“စက်ရုံက သူဌေးတရုတ်မက စက်ရုံမှာမန်နေဂျာမထားဘူး သူကိုယ်တိုင် တိုက်ရိုက်ခိုင်းနေတာ သူဘာသာခိုင်းနေပြီး အလုပ်ဖြုတ်တာလဲ သူပဲလုပ်နေတာ အိုတီမဆင်းရင်ဖြတ်တယ် အိုတီကြေးကြ အပြည့်မပေးဘူး”ဟု အဆိုပါ စက်ရုံလုပ်သားများနှင့် နီးစပ်သူ အလုပ်သမားခေါင်းဆောင်တစ်ဦးက ဆိုသည်။

အဆိုပါစက်ရုံတွင် ဝင်ရောက်လုပ်ကိုင်နေသည့် နေ့စားနှင့် လခစားအလုပ်သမားများ၏ လုပ်ခ လစာများအားလည်း အလုပ်ရှင်မှ ဥပဒေပါအတိုင်း အပြည့်အဝပေးခြင်းမရှိပဲ နေ့စားဝန်ထမ်းတစ်ဦးလျင် တနေ့လုပ်ခလစာ ၃၆၀၀ ကျပ်နှင့် အိုတီကြေး ၆၀၀ ခန့် လခစားဝန်ထမ်းတစ်ဦးလျင် တနေ့လုပ်ခလစာ ၄၈၀၀ကျပ်နှင့် အိုတီကြေး၇၀၀ သာ ရရှိကြောင်း သိရသည်။

ထို့အပြင် အဆိုပါစက်ရုံအတွင်းရှိ၏ လုပ်သားများ၏ ရက်မှန်ကြေးအား ၆လပြည့်မှသာ ပေးကြောင်းနှင့် ရက်မှန်ကြေးကိုလည်း
အလုပ်သမားမှ နေမကောင်း၍ အလုပ်ပျက်လျင် ရက်မှန်ကြေး ၁၀၀၀၀ နှင့် ဒေးကြေး နှစ်ရက်စာပါ ဖြတ်တောက်ပြီး အလုပ်သမားများ၏ အထည်စံချိန်ကိုလည်း လုပ်နိုင်အားထက်ကျော်လွန်ကာ ခိုင်းစေနေကြောင်း၊ အလုပ်ခွင်အတွင်းထိခိုက်မှုများအတွက် ဆေးပေးခန်းမထားရှိသည့်အပြင်
လုပ်ငန်းခွင်ထိခိုက်မှုဖြစ်ခဲ့လျင်လည်း အလုပ်နားခွင့်မပေးမှုနှင့် စက်ရုံအတွင်းမှာ သောက်သုံးရေအား အိမ်သာအနားတွင် ထားပေးတာကြောင့် မသန့်ရှင်းမှုများလဲ ရှိနေကြောင်း သိရသည်။

အဆိုပါစက်ရုံသည် JANINA – FSBN အမှတ်တံဆိပ်အား ချုပ်လုပ်နေသည့် စက်ရုံဖြစ်ပြီး အလုပ်ရှင်မှ အလုပ်သမားများအပေါ် အဓမ္မခိုင်းစေမှုနှင့် လုပ်အားခ ခေါင်းပုံဖြတ်မှုများအတွက် သက်ဆိုင်ရာ ကုန်အမှတ် တံဆိပ်များမှ တာဝန်ယူဖြေရှင်းပေးရန် နစ်နာသူအလုပ်သမားမှ လိုလားနေကြောင်း သိရသည်။