တရုတ်မှာ ဆေးရုံနဲ့ အရာရှိတွေပေါင်းပြီး စားသောက်ကုန်စစ်ဆေးချက်အဖြေတွေ လိမ်လည်ခဲ့လို့ ကလေး ၂၀၀ ကျော် ထိခိုက်

Author CJ Platform
Categories
Published on Jul 21, 2025

တရုတ်နိုင်ငံ ကန်းစုပြည်နယ်မှာ သူငယ်တန်းကလေးငယ် ၂၀၀ ကျော်ရဲ့ သွေးထဲ ခဲဓာတ်ပမာဏ မြင့်မားနေတာကို တွေ့ရှိခဲ့ပြီးနောက် အရာရှိ ၁၀ ယောက်ကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

 

အဆိပ်သင့်မှုရဲ့ ပြင်းထန်မှုကို ဖုံးကွယ်ဖို့ ထျန်းရွှေ ဒုတိယပြည်သူ့ဆေးရုံနဲ့ ပြည်နယ် ရောဂါထိန်းချုပ်ရေးစင်တာ တို့က စစ်ဆေးချက်အဖြေတွေကို အတုလုပ် ပြောင်းလဲခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

 

ဒီခဲဆိပ်သင့်မှုဟာ ဟဲရှီပေးရှင် သူငယ်တန်းက ဝန်ထမ်းတွေက ကျောင်းအုပ်ကြီးရဲ့ ခွင့်ပြုချက်နဲ့ ကျောင်းသားအစားအစာတွေထဲကို စားလို့မရတဲ့ အလှဆင်သုတ်ဆေးတွေ ထည့်ခဲ့တာကနေ စတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ဒီအတွက် ကျောင်းအုပ်ကြီးနဲ့ စားသောက်ဆောင်ဝန်ထမ်းတွေအပါအဝင် လူ ၈ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

 

စစ်ဆေးချက်အဖြေတချို့ကို အန္တရာယ်ရှိတဲ့အဆင့် (တစ်လီတာကို ၄၀၀ မိုက်ခရိုဂရမ်ကျော်) ကနေ အများကြီးနိမ့်တဲ့ ကိန်းဂဏန်းတွေအဖြစ် ပြောင်းလဲခဲ့တာပါ။ မိသားစုတွေက တခြားဆေးရုံတွေမှာ ပြန်လည်စစ်ဆေးပြီးနောက်မှာ ဒီလိမ်လည်မှုကို သိရှိခဲ့ကြရတာ ဖြစ်ပါတယ်။

 

စုစုပေါင်း ကလေး ၂၅၁ ယောက်ထဲက ၂၄၇ ယောက်နဲ့ ဝန်ထမ်း ၂၈ ယောက်မှာ ခဲဓာတ်ပမာဏ မြင့်တက်နေတာကို တွေ့ခဲ့ရပါတယ်။ ထိခိုက်ခဲ့တဲ့ မိသားစုတွေဟာ အခမဲ့ ဆေးကုသမှုနဲ့ ကုန်ကျစရိတ်တွေ ပြန်ရရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ပြည်နယ်အစိုးရက တောင်းပန်ခဲ့ပြီး ဒီကိစ္စမှာ ပါဝင်တဲ့ အဓိကဆေးရုံကိုတော့ ထိန်းချုပ်စစ်ဆေးဖို့အတွက် ပိုကြီးတဲ့ ပြည်နယ်ဆေးဘက်ဆိုင်ရာဌာနတစ်ခုရဲ့ လက်အောက်ကို လွှဲပြောင်းပေးထားလိုက်တယ်လို့ သိရပါတယ်။

 

Source – South China Morning Post

 

ဓာတ်ပုံ – South China Morning Post