တရုတ်မြို့တော် ဘေဂျင်းတွင် မှတ်တမ်းတစ်လျောက် အအေးဆုံးရာသီအား ဖြတ်သန်းနေရ ဂျပန်နှင့် တောင်ကိုရီးယားတွင်လည်း ယခင်နှစ်ထက် နှင်းများပိုမို ကျဆင်းနေ

တရုတ်နိုင်ငံ မြို့တော်ဘေဂျင်းတွင် သမိုင်းမှတ်တမ်းတစ်လျောက် အအေးဆုံးရာသီအား တရုတ်ပြည်သူများ ဖြတ်သန်းနေရသည်ဟု ယမန်နေ့ညပိုင်းက BBC မီဒီယာတွင် ဖော်ပြသည်။
မြို့တော်ဘေဂျင်းသည် ရာသီဥတု မမျှတမှုအား ခံစားနေရပြီး ယခုလ တိုင်းတာရရှိထားသော အပူချိန်အရ ရေခဲမှတ် အောက် အနုတ် ၁၀ ဒီဂရီသို့ ရောက်ရှိနေကြောင်း သိရပြီး ပြီးခဲ့သည့် နွေရာသီ၌ တိုင်းတာရရှိသော အပူချိန်အရ ၄၀ ဒီဂရီ ဆဲလ်စီးရပ် ရှိကြောင်း BBC ၏ ဖော်ပြချက် အရ သိရသည်။
ယခုဆောင်းရာသီအစတွင်ပင် တရုတ်နိုင်ငံ၌ အလွန်အေးသော အအေးလှိုင်းများလည်း ဖြတ်ခဲ့ဖူးပြီး ဘေဂျင်းရှိ မိုးလေဝသ စောင့်ကြည့်လေ့လာရေး စင်တာမှ မှတ်တမ်းတင်ထားမှု အရ နာရီပေါင်း ၃၀၀ ကျော်(နှစ်ပတ် အတွင်း) အပူချိန်မှာ ရေခဲမှတ်အောက်၌ သာရှိနေကြောင်း ဒေသတွင်း မီဒီယာ ဖြစ်သည့် China Daily News အေဂျင်စီ မှ ထုတ်ဖော်ပြောကြားသည်။
မကြုံစဖူး လွန်စွာအေးခဲမှုကြောင့် တရုတ်နိုင်ငံရှိ ပြည်နယ် အချို့တွင်လည်း ကျောင်းများအား ပိတ်ရန် ဖိအားပေးခံနေရပြီး သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်များမှာလည်း အခက်အခဲများနှင့် ရင်ဆိုင်နေရကာ အအေးပိုမှုကြောင့် Henan(ဟီနန်)ပြည်နယ်ရှိ ဓာတ်အားပေး လိုင်းများပင် ကောင်းစွာ အလုပ်မလုပ်တော့ဘဲ အပူပေးစက်အချို့မှာလည်း ပျက်စီးခဲ့သည် ဟု BBC မှ ဆိုသည်။
တစ်ချိန်တည်း၌ပင် ဂျပန်နိုင်ငံမြောက်ပိုင်း၌ လည်း ယခင်နှစ်ထက်များပြားသော နှင်းများ ကျဆင်းခဲ့ပြီး ဂိုင်ဖုမြို့နှင့် ဟိုကိုင်ဒို မြို့များတွင် နှင်းထုထည် ပမာဏ (၃၉)လက်မ ခန့် ကျရောက်ခဲ့သဖြင့် နှင်းဖုံးလွှမ်းမှု သတိပေးချက်များ ထုတ်ပြန်ထားရသည်ဟု ကမ္ဘာ့မီဒီယာများတွင် ဖော်ပြသည်။
အလားတူ တောင်ကိုရီးယားနိုင်ငံတွင်လည်း ပြီးခဲ့သည့်ရက်သတ္တပတ် မှ စတင်ကာ အပူချိန် ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့ပြီး ၁၆ ဒီဂရီ ဆဲလ်စီးရပ် မှ အနုတ် ၁၂ ဒီဂရီ ဆဲလ်စီးရပ်သို့ ရုတ်ချည်းဆိုသလို ကျဆင်းခဲ့ကြောင်း တောင်ကိုရီးယား လေထုဆိုင်ရာလေ့လာရေး အဖွဲ့အစည်း (KMA) မှ ဖော်ပြသည်။
သိပ္ပံပညာရှင်များမှ မည်သို့သော ရာသီဥတု ဖောက်ပြန်ခြင်းသည် ယခုကဲ့သို့ အကျိုးသက်ရောက်မှုများအား ဖြစ်စေသည်ကို ငြင်းခုံအဖြေရှာနေကြဆဲဖြစ်ကာ ၎င်းတို့၏ ဖော်ပြသော ယူဆချက် တစ်ခုအရ အအေးဒဏ်ပိုမို သည်းလာခြင်းမှာ မြောက်အာတိတ် တိုက် ပတ်ပတ်လည်တွင် ပုံမှန်အားဖြင့်တည်ရှိသော အအေးဆုံး ဒေသ ဖြစ်သည့် ပိုလာ ဗိုတက် ဟု ခေါ်ဆိုသော ဝင်ရိုးစွန်း ဒေသ ဖြစ်စဉ် တွင် လေများရွေ့လျားမှု အားနည်းလာခြင်းကြောင့်ဖြစ်ပြီး မြောက်ဘက်သို့ လေများ ပိုမိုရွေ့လျားရမည်ဖြစ်သော်လည်း တောင်ဘက်သို့ ရွေ့လျားနေခြင်းကြောင့်ဖြစ်သည် ဟု ယူဆကြကြောင်း BBC မှ ဖော်ပြသည်။
ဓာတ်ပုံ- BBC