တရုတ်နှစ်သစ်ကူး အမွှေးတိုင်နှင့် စက္ကူမီးရှို့ခြင်းကြောင့် ထိုင်း မြို့ကြီးများတွင် လေထုညစ်ညမ်းမှု သုံးဆကျော်မြင့်တက်

Author YZ/ လင်းနွေဦး
Categories
Published on Feb 12, 2024

ထူးခြားသည့် နဂါးနှစ်ဟု ယူဆခံထားရသော ယခုတရုတ်နှစ်သစ်ကူးပွဲတော်အတွင်း ထိုင်းနိုင်ငံတဝန်း အမွှေးတိုင်များထွန်းခြင်းနှင့် ကွယ်လွန်သွားသူများအားရည်စူး၍ စက္ကူပိုက်ဆံများ မီးရှို့ခဲ့ခြင်းတို့ကြောင့် ယခုအခါ ဘန်ကောက်အပါအဝင် မြို့ကြီးအချို့၌ သတ်မှတ်လေထုညစ်ညမ်းမှုထက် သုံးဆကျော်မြင့်တက်ဖြစ်ပေါ်နေကြောင်း နိုင်ငံတကာ သတင်းများ၏ ဖော်ပြချက်အရ သိရသည်။

 

မကြာသေးမီနှစ်များအတွင်း ထိုင်ဝမ်နှင့် စင်ကာပူတို့တွင် လေထုညစ်ညမ်းမှုများ မဖြစ်ပေါ်စေရန် အောင်မြင်သော လှုံ့ဆော်နိုင်မှုများပြုလုပ်နိုင်ခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များဘက်ကလည်း တရုတ်နှစ်သစ်ကူးကာလအတွင်း အမွှေးတိုင်ထွန်းခြင်းဓလေ့ကိုလျှော့ချရန်  ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ကြိုးပမ်းမှုများသည် ထိုင်းနိုင်ငံအတွင်း ဘန်ကောက်မြို့ပေါ်ရှိ ထင်ရှားသော အီရာဝန် နတ်ကွန်း(Erawan Shrine)နှင့် ဝပ်မန်ခွန် ကန်မလဝပ် (Wat Mangkon Kamalawat) ဘုရားကျောင်းအပါအဝင် ဘုရားကျောင်း အနည်းငယ်၌သာ အောင်မြင်ခဲ့ပြီး ပွဲတော်ကာလအတွင်း နံ့သာ အမွှေးတိုင်များ မီးရှို့ခြင်းကိုမှု တားဆီးနိုင်ခြင်းမရှိခဲ့ကြောင်း ထိုင်းအခြေစိုက် Bangkok Post သတင်းဌာနမှ ဖော်ပြသည်။

 

နိုင်ငံတကာ လေထုညစ်ညမ်းမှုအားတိုင်းတာသည့် စနစ်တစ်ခုဖြစ်သည့် Atmospheric Particulate Matter (APM Or PM) သတ်မှတ်အဆင့်ထက် ကျော်လွန်လာသော်လည်း ထိုင်းနိုင်ငံရှိ အများသူငါ ဝတ်ပြုသည့် ဘုရားကျောင်းများ၊ ဘာသာရေးအဆောက်အအုံများနှင့် နေအိမ်များတွင် အမွှေးတိုင်ထွန်းခြင်းများ ဆက်လက်ပြုလုပ်လျက်ရှိပြီး ထိုင်းအာဏာပိုင်များမှ တားဆီးနိုင်ရန် အခက်ကြုံနေကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရောက် မြန်မာလူမျိုးများထံမှ သိရသည်။

 

” အဲဒီလိုတွေကြောင့် လေထု ညစ်ညမ်းလာပြီး အသက်ကြီးတဲ့သူတွေမှာ ပိုထိတယ်။ ချင်းမိုင်မှာ ဒီနှစ်ထဲတင် လူတရာကျော်ဆုံးသွားတာ။ အခုလည်း နေလို့မရဘူး။ အသက်ရှုကြပ်တယ်။ တံခါးအလုံပိတ်ပြီး အဲကွန်းဖွင့်ထားရင်တော့ အဆင်ပြေတယ်။ ခက်တာက အဲကွန်းပါတဲ့အခန်းစျေးတွေက ဈေးကြီးတယ်လေ။ အာဏာပိုင်တွေကလည်း ဒါကိုဖြေရှင်းဖို့ နည်းလမ်းရှာကြတုန်းပဲ ” ဟု ချင်းမိုင်ရောက် အသက် ၃၅ နှစ် အရွယ် မြန်မာလူမျိုး အမျိုးသမီးက CJ Platform သို့ ပြောကြားသည်။

လတ်တလော ထိုင်းနိုင်ငံတွင် လေထုညစ်ညမ်းမှု တိုင်းတာချက်များအရ ထိုင်းအာဏာပိုင်များမှ သတ်မှတ်ထားသည့် နေ့စဉ် ရှိရမည့် လေထုသန့်စင်မှု သတ်မှတ်ချက် 35 µg/m³( လေထု တစ်ကုဗမီတာလျှင် အမှုန်အမွှားပါဝင်မှု  ၃၅ မိုက်ခရိုဂရမ်)ထက် သုံးဆကျော်လွန်ကာ 100 µg/m³ အထက်ရောက်ရှိနေကြောင်း ထိုင်းနိုင်ငံလေထု သန့်စင်မှု ပမာဏအားဖော်ပြလျက်ရှိသည့် Thailand Air Quality Index (AQI) ဖော်ပြချက်အရ သိရသည်။

 

ပြီးခဲ့သည့်  ၂၀၂၀ ပြည့်နှစ် မြို့တော် ဘန်ကောက်ရှိ Wat Mangkon Kamalawat ဘုရားကျောင်းတွင်ပြုလုပ်ခဲ့သည့် တရုတ်နှစ်သစ်ကူးအကြိုအခမ်းအနားတစ်ခုအတွင်း တိုင်းတာခဲ့သည့် လေထုညစ်ညမ်းမှုအဆင့် PM2.5 အဆင့်သည် 180µg/m³ (လေထု ၁ ကုဗမီတာလျှင် အမှုန်အမွှားပါဝင်မှုသည် ၁၈၀ မိုက်ခရို ဂရမ် )သို့ရောက်ရှိခဲ့ပြီး အစိုးရခွင့်ပြုထားသော 25 µg/m³ ထက် များစွာကျော်လွန်ခဲ့ကြောင်း Bangkok Post ၏ ဖော်ပြချက်အရ သိရသည်။

 

ထိုင်းနိုင်ငံ လေထုညစ်ညမ်းမှုထိန်းချုပ်ရေးဌာန (PCD) ၏ညွှန်ကြားရေးမှူးချုပ်အသစ် ပရီရပွန် ဆူဝမ်နက်ဒ်(Preeyaporn Suwanaged )က ယခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့ တရုတ် နှစ်ကူး အကြိုနေ့ ကြာသပတေးနေ့တွင် အဆိပ်သင့်စေနိုင်သော လေကြောင့်ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးအန္တရာယ်များကို ကြိုတင်သတိပေးချက်ထုတ်ပြန်ခဲ့ရုံသာမက ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ပိုလ်ဂျန်ပချာရာဗက် ဝေါင်ဆူဝန်(Pol Gen Phacharavat Wongsuwan) မှလည်း ဘုရားရှိခိုးကျောင်းများနှင့် နေအိမ်များတွင် လျှပ်စစ်အမွှေးတိုင်များအစားထိုး အသုံးပြုရန် အကြံပြုခဲ့ကြောင်း နိုင်ငံတကာသတင်းမီဒီယာများတွင် ဖော်ပြသည်။

 

သို့ရာတွင် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတစ်ခုဖြစ်ကာ အစဉ်အလာကြီးမားသည့် တရုတ် နှစ်သစ်ကူးပွဲတော်အတွင်း နံ့သာအမွှေးတိုင်များ ထွန်းညှိခြင်းနှင့် ကွယ်လွန်သူများကို ရည်စူးပူဇော်သည့် စက္ကူပိုက်ဆံများ မီးရှို့သည့် အလေ့အထကို ထိန်းချုပ်ရန်မှာ ခက်ခဲမှုတို့ကြောင့် ယခုကဲ့သို့ နောက်ဆက်တွဲ လေထုညစ်ညမ်းမှုများ ထိုင်းနိုင်ငံ မြို့ကြီးများတွင် ဖြစ်ပေါ်နေခြင်းလည်းဖြစ်သည်ဟု CNN သတင်းဌာနတွင် ဖော်ပြသည်။

 

ယခုကဲ့သို့ ပတ်ဝန်းကျင်နှင့် လူ့အသက် အန္တရာယ်ထိခိုက်သည်အထိ ဆိုးကျိုးများရှိသည့်  PM2.5 ကျော်လွန်အဆင့်ဆိုသည်မှာ  လူ့ဆံပင်ထက် အဆ ၁၀၀ ပိုမိုပါးလွှာသည့် လူ့မျက်စိဖြင့်မမြင်နိုင်သော အမှုန်အမွှားများသည် လေထုမှတစ်ဆင့် အသက်ရှုလမ်းကြောင်းအတွင်း ဝင်ရောက်၍ အဆုတ်နှင့် သွေးလမ်းကြောင်းများထဲသို့ စိမ့်ဝင်ရောက်နိုင်ကာ စိုးရိမ်ဖွယ် ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် ထိုင်းအာဏာပိုင်များမှ အပူတပြင်းနည်းလမ်းရှာ ဖြေရှင်းနိုင်ရန် လုပ်ဆောင်နေကြခြင်းဖြစ်သည်။

 

အမွှေးတိုင်များ ထွန်းညှိခြင်းတစ်ခုတည်းမဟုတ်ဘဲ စက်သုံးဆီသုံးယာဉ်များ ပေါများခြင်း၊စက်ရုံများမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှုများပြားခြင်းတို့အပြင် ရိတ်သိမ်းပြီး လယ်ယာမြေများမှ အကြွင်းအကျန်များအား မီးရှို့ခြင်းတို့ကြောင့် ထိုင်းနိုင်ငံ၏ လေထုညစ်ညမ်းမှုအား ကာကွယ်ရန် ရေဖြန်းခြင်းနှင့် မိုးအတုရွာချခြင်းများကို ယာယီဖြေရှင်းရေး နည်းလမ်းများအဖြစ် အာဏာပိုင်များမှ အသုံးပြုလျက်ရှိကာ မလိုအပ်ပါက အပြင်ထွက်ခြင်း၊ Mask များ တပ်ဆင်ခြင်းနှင့် နေအိမ်တွင်း လေသန့်စင်စက်များ တပ်ဆင်ခြင်းစသည့် နည်းလမ်းများအား အသုံးပြုရန်လည်း သတိပေးချက်များ မကြာခဏထုတ်ပြန်လေ့ရှိသည်။