တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတစ်ခုတွင် အချိန်ပိုကြေးမပေးပဲ အလုပ်ခိုင်းသည့်အပြင်ကလေးလုပ်သားများကိုပါ ခြိမ်းခြောက် အလုပ်ခိုင်းစေနေ

Author ခေတ်နီ
Categories
Published on Oct 20, 2022

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေသံလွင် စက်မှုဇုန်မှာရှိသည့် တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတွင် အချိန်ပိုကြေးမပေးပဲ ည ၉ နာရီထိ အချိန်ပိုခေါ် ခိုင်းစေနေပြီး ကလေးလုပ်သားများလဲထားရှိကာ ခြိမ်းခြောက်အလုပ်ခိုင်းစေမှုများရှိနေတယ်ဟု မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FGWM ထံမှသိရသည်။

လှိုင်သာယာမြို့ ရွှေသံလွင် စက်မှုဇုန် မလိခလမ်း မှာရှိသည့် တရုတ်နိုင်ငံသားပိုင်Myanmar LNY CAPS စက်ရုံသည် OTTPအမှတ်တံဆိပ်ဦးထုတ်များ ချုပ် လုပ်သည့်အထည်ချုပ်စက်ရုံတစ်ခုဖြစ်ကာ အလုပ် သမား ၁၀၀၀ကျော်စက်လိုင်း ၂၀ ခန့်ဖြင့်လည်ပတ် နေသည့်စက်ရုံပဲဖြစ်သည်။

အဆိုပါစက်ရုံဟာ ည ၈နာရီ ၉နာရီအထိ အချိန်ပိုခေါ် ကာ အပြန်ဖယ်ရီ စီစဥ်မပေးတာကြောင့် ညအချိန်မတော် အလုပ်သမားများ နေအိမ်ကို လမ်းလျှောက်ပြန်နေရပြီး အလုပ်သမားများကို မည်သည့်ခွင့်မှ မပေးကာ အထည်စံချိန်ကို အော်ဟစ် ဆဲဆိုပြီး တောင်းမှုများရှိနေကြောင်း FGWMမှ ထုတ်ပြန်ထားသည်။

“အိုတီကြေးမပေးပဲ ညနက်ထိခိုင်းတယ် အလုပ် သမား တွေနေမကောင်းလို့ ခွင့်ပျက်မိရင် သတိပေးလက်မှတ်ထိုးရတယ် ခွင့်မပေးဘူး မိဘသေတာတောင်ခွင့် ၂ ရက်ပဲရတယ် ဆဲခိုင်းတာက အတော်ဆိုးတယ်ပြောတယ် ဖြစ်နေတာ ၁ နှစ်လောက်ရှိပြီလို့ အဲ့ကအလုပ်သမားကပြောတယ်ကလေးလုပ်သားတွေဆို အိုတီကြေးမရပဲ ဆင်းပေးရတာကများတယ် ကလေးလုပ်သားရှိတာကို ကိုဗစ်ဆေးထိုးမှ အသက်မပြည့် သေးလို့ မထိုးရသေးတဲ့သူရှိမှန်းသိတာ”ဟု FGWMမှ တာဝန်ရှိသူတစ်ဦးကCJ Platformကို ပြောသည်။

ထို့အပြင် အဆိုပါစက်ရုံအတွင်းမှာ ကလေးလုပ်သား ၁၀၀ ကျော်ခန့်ရှိပြီး ကလေးလုပ်သားများကို အိုတီကြေးမပေးပဲ ခြိမ်းခြောက်ခိုင်းစေမှုများလဲ ရှိနေကြောင်းသိရသည်။