တရုတ်နိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ နိုင်ငံပေါင်း (၅၀) က စိုးရိမ်နေ

Author ဇိမ်း
Categories
Published on Nov 01, 2022

ကမ္ဘာ့နိုင်ငံပေါင်း (၅၀) က တရုတ်နိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်ပြီး စိုးရိမ်လျက်ရှိနေသည်ဟု ထုတ်ဖော်အသိပေးလိုက်သလို ဖမ်းဆီးခံထားရသည့် ဝီဂါလူမျိုးများကိုလည်း ပြန်လွှတ်ရန် တောင်းဆိုလိုက်သည်။

တရုတ်နိုင်ငံသည် ဝီဂါနှင့် အခြားသော မွတ်ဆလင်အုပ်စုများအပေါ် ညှင်းပန်းမှု၊ ဖိနှိပ်မှုများနှင့် ပတ်သက်၍ ကာလရှည်ကြာ စွပ်စွဲခံထားရခြင်းဖြစ်ပြီး နိုင်ငံအများစုနှင့် လူ့အခွင့်အရေးအုပ်စုများက ယင်းကိစ္စနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံကို ဖိအားပေးလျက်ရှိသည်။

တရုတ်နိုင်ငံဘက်က ထိုသို့သော စွပ်စွဲချက်များကို အကြိမ်ကြိမ်အခါခါ ငြင်းဆိုထားပြီး ယင်းအခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးရန် တောင်းဆိုမှုများကိုလည်း လက်ရှိအချိန်ထိ လျစ်လျူရှုထားဆဲဖြစ်သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး James Cleverly က အဆိုပါထုတ်ပြန်ချက်သည် “တိုက်ကြီးခြောက်ခုရှိ နိုင်ငံပေါင်း ၅၀ က စံချိန်တင်ထောက်ခံမှုဖြစ်ပြီး နိုင်ငံတကာ၏ စိုးရိမ်မှု ကျယ်ပြန့်လာမှုကို ပြသနေသည်” ဟု ၎င်း၏ တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။
ဓာတ်ပုံ -AP