တရုတ်တွင် အင်အားပြင်း ငလျင်လှုပ်၊ လူ ၁၁၀ ကျော်သေဆုံးပြီး ရာနှင့်ချီဒဏ်ရာရ

Author CJ Platform
Categories
Published on Dec 19, 2023

တရုတ်နိုင်ငံ၊ အနောက်မြောက်ပိုင်းဒေသရှိ ဂန်ဆုပြည်နယ်အတွင်းသို့ ဗဟိုပြု၍ အင်အားပြင်း ငလျင်တစ်ခု ယမန်နေ့ ဒီဇင်ဘာ ၁၉ ရက် တနင်္လာနေ့ ညပိုင်းက လှုပ်ခတ်ခဲ့သည့်အတွက် လူ(၁၁၆)ဦးထက်မနည်းသေဆုံးကာ ရာနှင့်ချီ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း Bangkok Post သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

 

တရုတ်အာဏာပိုင်များက ပြင်းအား ရစ်ချ်တာ ၆ ဒသမ ၂ စကေးရှိသည်ဟု ပြောကြားသော်လည်း အမေရိကန်နိုင်ငံ ပထဝီစစ်တမ်းသုတေသီအဖွဲ့(USGS)ကမူ ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ၉ အဖြစ် တိုင်းတာရရှိသည်ဟုဆိုပြီး ဂန်ဆု ပြည်နယ်မှ ခြောက်မိုင်အကွာအဝေးထိ သက်ရောက်မှုရှိကြောင်း BBC ကမ္ဘာ့သတင်းတွင် ဖော်ပြသည်။

 

ယင်းအကွာအဝေးအတွင်း ရှင်ကျန်းနှင့် ရှန်ဟိုင်းမြို့တို့ တည်ရှိပြီး ရှန်ဟိုင်းမြို့၌ ငလျင်ဒဏ် ခံစားခဲ့ရခြင်းကြောင့် လူသေဆုံးဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း တရုတ်ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

 

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ဂန်ဆု ပြည်နယ်ရှိ အာဏာပိုင်များအနေဖြင့် ယနေ့နံနက်ပိုင်းတွင် အရေးပေါ် အစည်းအဝေးတစ်ခုခေါ်ဆိုခဲ့ပြီး လိုအပ်သောကူညီကယ်ဆယ်ရေးများနှောင့်နှေးခြင်းမရှိ ဆောင်ရွက်ရန် ညွန်ကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါငလျင်ဒဏ်ကြောင့် ဂန်ဆုပြည်နယ်မှ ၁၀၅ ဦး သေဆုံးကာ ၉၆ ဦး ဒဏ်ရာရရှိခဲ့ပြီး အနီးရှိ ရှန်ဟိုင်းမှ ၁၁ ဦးသေဆုံးကာ ၁၂၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာတစ်ခုဖြစ်သည့် Xinhua(ရှင်ဟွာ)မီဒီယာက ဖော်ပြသည်။

 

တရုတ်သမ္မတ ရှီကျင့်ဖျင်က အချိန်နှင့်တစ်ပြေးညီ ဒဏ်ရာရရှိသူများကို ကုသပေးရန်၊ ထိခိုက်နစ်နာမှုများကို အနည်းဆုံးသို့ လျော့ချနိုင်ရန် ကူညီရှာဖွေရေးများကို အားကုန်သုံးကာ ဆောင်ရွက်ရန် ဒေသအာဏာပိုင်များကို ညွန်ကြားသည့် စာတစ်စောင်ထုတ်ပြန်ခဲ့သည်ကို BBC ကမ္ဘာ့သတင်းတွင် ဖော်ပြထားသည်။

 

တရုတ်အာဏာပိုင်များက ငလျင်ဗဟိုပြုလှုပ်ခတ်ခဲ့သည့်နေရာများသို့ ပြည်သူများအနေဖြင့် တိုးဝှေ့ကြည့်ရှုခြင်းမပြုလုပ်ရန်၊ လိုအပ်သည့်ကူညီကယ်ဆယ်မှုများကို ဆောင်ရွက်ရန် မီးသတ်အဖွဲ့မှ တပ်ဖွဲ့ဝင် ၁၄၀ဝ ဦးကို ပျက်စီးမှုဖြစ်ပွားရာနေရာများသို့စေလွှတ်ထားပြီး ကျန် ၁၆၀ဝ ဦးကျော်ကို အရန်သင့် ပြင်ဆင်မှုများပြုလုပ်ကာ စောင့်ဆိုင်းခိုင်းထားသည်ဟု Bangkok Post သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။

 

ယခု ငလျင်လှုပ်ခတ်မှုကြောင့် အနီးရှိကျေးရွာများတွင် ဓာတ်အားနှင့် ရေပြတ်တောက်မှုများ ရှိနေရုံသာမက လာမည့်ရက်အနည်းငယ်အတွင်း ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ဝ ရှိ ငလျင်များထပ်မံလှုပ်ခတ်နိုင်ကြောင်း ပညာရှင်များက သတိပေးကြေညာမှုများလည်း ထွက်ပေါ်နေသည်။

 

တရုတ်နိုင်ငံတွင် ၂၀ဝ၈ ခုနှစ်က ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၉ ရှိ ငလျင်ကြောင့် လူ (၈၇,ဝ၀ဝ)ကျော် သေဆုံးခဲ့ပြီး ထိုအထဲ ကျောင်းနေအရွယ်ကလေးငယ် (၅,၃၀ဝ)ကျော်ပါဝင်ခဲ့သည့်ငလျင်အပြင် ၂၀၂၂ ခုနှစ် စက်တင်ဘာလက စီချွမ်ပြည်နယ်တွင် ပြင်အား ရစ်ချ်တာစကေး ၆ ဒသမ ၆ ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သောကြောင့် လူ(၁၀ဝ)နီးပါး သေဆုံးခဲ့ရသည်။

 

၂၀ ရာစုနှစ်၏ ကမ္ဘာ့သေကြေမှုအများဆုံးနှင့် ထိတ်လန့်ဖွယ်အကောင်းဆုံး ငလျင်တစ်ခု အဖြစ် သတ်မှတ်ခြင်းခံရသော ၁၉၂၀ ခုနှစ်၌ ယခု ဂန်ဆုပြည်နယ်တွင်ပင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် လူပေါင်း (၂၀ဝ,ဝ၀ဝ)ကျော် သေဆုံးခဲ့ပြီး လူသိန်းချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။