တမူးရှိ ဝိတုတ်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သားအားလုံးထွက်ပြေး

Author မင်းထက်
Categories
Published on Nov 07, 2023

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်းရှိ ဝိတုတ်စစ်ကောင်စီရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာလ ၄ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကူကီးအမျိုးသားတပ်မတော်(မြန်မာပြည်)တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

ထိုဝိတုတ်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ ခန့်တပ်စွဲထားပြီး စခန်းတိုက်ခိုက်ခံရချိန်တွင် စစ်ကောင်စီတပ်ဖွဲ့တစ်ဖွဲ့လုံး စခန်းကိုစွန့်ခွာထွက်ပြေးသွားသည့်အတွက် ခါးကျိုးနှင့် လက်လုပ်သေနတ် ၁၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

တမူး-ကလေး ကားလမ်းမပေါ်ရှိ ဝိတုတ်စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာ ၃ ရက်နေ့ နံနက် ၃ နာရီအချိန်တွင် စတင်တိုက်ခိုက်ခဲ့ပြီးနောက် တစ်ရက်အကြာ နိုဝင်ဘာ ၄ ရက် မွန်းလွဲ ၁ နာရီခန့်တွင် စခန်းကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကူကီးတပ်က ဆိုသည်။

“ဝိတုတ် စကစစခန်းကို ၃ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ဖို့ စီစဉ်ထားပေမယ့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် ကျနော်တို့ တပ်သားနှစ်ယောက် အသက်ပေးခဲ့ရတော့ ထင်သလို ဖြစ်မလာဘူး။ အဲဒီတော့ နောက်ရက် နို၀င်ဘာ ၄ ရက်နေ့ မှာ တစ်ပြန် တိုက်ခိုက်သိမ်းယူလိုက်ရတယ်။ ဝိတုတ်ရွာဟောင်းမှာရှိတဲ့ စကစ နောက်လိုက် ပျူတွေရယ်၊ SNA ကိုပါ တစ်ခါတည်း သွားဖြုတ်လိုက်တယ်” ဟု ကူကီးအမျိုးသားတပ်မတော်(မြန်မာပြည်)တာ၀န်ရှိသူတစ်ဦးက ပြောသည်။

ထိုစခန်းသိမ်းတိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က တပ်သား Thong Gou Chin နှင့် ရဲဘော် Pao Gin တို့ကျဆုံးခဲ့ပြီး အမိန့်ပြန်တမ်းကို ယမန်နေ့ နို၀င်ဘာလ ၆ ရက်နေ့က ကူကီးအမျိုးသား တပ်မတော်(မြန်မာပြည်)မှ ထုတ်ပြန်ခဲ့သည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲကို တမူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁)၊ ကူကီးအမျိုးသားတပ်မတော်(KNA)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကူကီးတပ်၊ KIA နှင့် တော်လှန်​ရေးပူးပေါင်းအဖွဲ့များသည် နိုဝင်ဘာ ၃ ရက်မှစတင်ပြီး နိုဝင်ဘာ ၆ ရက်နေ့အထိ တမူးမြို့တွင်းရှိ ဝိတုတ်နှင့် ခမ်းပတ်စခန်းအပါအဝင် စခန်းရှစ်ခုကို တပြိုက်နက်တည်း တိုက်ခိုက်ခဲ့ရာ စခန်း ၄ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တစ်ခုဖြစ်သော ကောလင်းမြို့နယ်ကိုလည်း တော်လှန်ရေးအဖွဲ့များက နိုဝင်ဘာ ၆ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။