တမူးမြို့၌ လမ်းပေါ်တွင် သေဆုံးသူ ပိုင်ရှင်မဲ့အလောင်းများ နေ့စဉ်နီးပါး တွေ့နေရ

Author မေ
Categories
Published on Nov 02, 2022

အိန္ဒိယ-မြန်မာ နယ်စပ်မြို့ဖြစ်သော စစ်ကိုင်းတိုင်း၊ တမူးမြို့၌ လမ်းပေါ်တွင် သေဆုံးသူ ပိုင်ရှင်မဲ့ အလောင်းများအား နေ့စဉ်နီးပါး တွေ့နေရဟု ဒေသခံများက ပြောကြားသည်။

တမူးမြို့၌ မည်သူမှန်း မသိရသည့် သေဆုံးသူများအား နေရာအသီးသီး၌ မကြာခဏတွေ့ရကြောင်း သိရသည်။ သေဆုံးသူများမှာ လမ်းဘေး၌ အိမ်ခြေမဲ့နေထိုင်ရာမှ သေဆုံးသူများ၊ မူးယစ်ဆေးဝါး အလွန်အကျွံ့သုံးစွဲ၍ လမ်းဘေး၌ပင် လဲကျသေဆုံးမှုများမှသည် ဓါးဒဏ်ရာ၊ သေနတ်ဒဏ်ရာများဖြင့် သေဆုံးမှုများ အထိ သေဆုံးမှု အမျိုးမျိုးကို တွေ့ရကြောင်း သိရသည်။

” နေ့စဉ်ဆက်တိုက် ဆိုသလိုဘဲ လမ်းပေါ်သေဆုံးသူ အလောင်းတွေကို တွေ့ရတာ။ အိမ်ခြေမဲ့၊ ဆေးသမားကနေ ဘယ်ကနေ ဘယ်သူက သတ်လို့ သတ်သွားမှန်း မသိတဲ့ ဒဏ်ရာမျိုးစုံနဲ့ သေဆုံးသူတွေရော။ “ဟု တမူးမြို့ခံ တစ်ဦးက CJ Platform သို့ ပြောသည်။

စက်တင်ဘာ ၁၅ရက် မနက်အစောပိုင်းက တမူးမြို့၊ မြို့မဈေးတောင်ဘက်တိုက်တန်း၊ ဆိုင်ခန်းတစ်ခန်းရှေ့ရှိ ထိုင်ခုံမှာပင် ဓါးဒဏ်ရာဖြင့် သေဆုံးနေသော အမျိုးသားတစ်ဦးအလောင်းအား တွေ့ရှိခဲ့ရသည်။ စက်တင်ဘာ ၂၂ရက်ကလည်း တမူးမြို့နှင့် ကွန်းတောင်းရွာသစ်ကြား လမ်းပိုင်း၌ ဦးခေါင်းပွင့်ထွက် ဒဏ်ရာ၊ ဓါးထိုးဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်းအား တွေ့ရှိခဲ့သည်။

စက်တင်ဘာ ၂၇ရက်က တမူးမြို့ နန့်ဖာလုံသွား လမ်းဘေးရှိ တိုက်ပျက်တစ်ခု၌ အမည်မသိ သေဆုံးသူ အမျိုးသားတစ်ဦးအလောင်းအား တွေ့ရှိခဲ့သည်။ အောက်တိုဘာ ၁၂ရက်နေ့က တမူးမြို့ နယ်စပ်အနီးရှိ ဗိုလ်နိုင်ဝင်း လမ်းဘေး၌ အမည်မသိ သေဆုံးသူ တစ်ဦးအား တွေ့ရှိပြီး အဆိုပါနေရာ၌ပင် အောက်တိုဘာ ၁၇ရက်နေ့က တစ်ရက်အတွင်း အမည်မသိသေဆုံးသူ အလောင်းနှစ်လောင်းအား တွေ့ရှိရကြောင်း သိရသည်။ အောက်တိုဘာ ၂၅ရက်ကလည်း အဆိုပါ နေရာ၌ပင် အမည်မသိသေဆုံးနေသူ အမျိုးသားတစ်ဦးအား တွေ့ရှိရကြောင်း သိရသည်။

” ပိုင်ရှင်မဲ့ အလောင်းကတော့ ခဏခဏ တွေ့ရတယ်။ နယ်စပ်မြို့လဲဖြစ်ပြီး လူစုံ သွားလာနေတော့ အမှုအခင်းလဲပေါတယ်။ မူးယစ်ဆေး သုံးစွဲပြီး လမ်းဘေးမှာတင် သေဆုံးသူက မနည်းမနောဘဲ။ သူတို့က ဖြစ်သလို လမ်းဘေးနေပြီး ရတဲ့ပိုက်ဆံနဲ့ဆေးသုံးရင်း သေကြတာများတယ်။ လူသတ်ပြီး အလောင်းပစ်ထားတဲ့ အမှုတွေလည်း ခဏခဏရှိတယ်။ ဖမ်းမိတယ်တော့ တစ်ခါမှ မကြားမိဘူး”ဟု တမူးမြို့ခံ တစ်ဦးက ဆက်လက်ရှင်းပြသည်။

သေဆုံးသူ ပိုင်ရှင်မဲ့ အလောင်းများအား တမူးမြို့ ဆေးရုံသို့ ပို့ဆောင်ကာ ရင်ခွဲရုံ၌ စစ်ဆေးပြီးနောက် မီးသဂြိုဟ်မှုပါ လုပ်ဆောင်ပေးရကြောင်း ကူညီပေးသူများက ပြောကြားသည်။

စစ်အာဏာသိမ်းပြီးနောက် အိန္ဒိယ-မြန်မာ နယ်စပ်မြို့ ဖြစ်သည့် တမူးမြို့၌ ခိုးဆိုးလုနှိုက်ပေါများလာမှု၊ မူးယစ်ဆေးဝါး သုံးစွဲသူ များပြားလာမှု၊ လမ်းဘေး၌ပင် သေဆုံးသူ ပိုင်ရှင်မဲ့ အလောင်းများ မကြာခဏ တွေ့ရှိရမှု အပါအဝင် တရားဥပေဒစိုးမိုးမှု ကင်းမဲ့နေသည့် ဖြစ်စဉ်များ အပေါ် ဒေသခံများက ထိတ်လန့်နေကြောင်းလည်း သိရသည်။