တမူးတွင် သနန်ရွာ အကျဥ်းစခန်းနှင့် ကသည်းတပ်စခန်းတို့ကို KNAနှင့်PDFတို့ သိမ်းပိုက်

Author ခေတ်နီ
Categories
Published on Nov 29, 2023

စစ်ကိုင်းတိုင်း တမူးမြို့နယ်ရှိ သနန်ကျေးရွာအကျဥ်းစခန်းနှင့် UNLF ကသည်းတပ်စခန်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ကူကီးအမျိုးသားတပ် KNA Burmaမှ ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီတပ်ဖွဲ့SNAနှင့် ပျူစောထီးတပ်များ အထိုင်ချထားသည့် သနန်ကျေးရွာ အကျဥ်းစခန်းကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး သိမ်းပိုက်မှုအတွင်း စစ်လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အဆိုပါ သနန်ကျေးရွာမှ သုံးမိုင်ဝန်းကျင်သာ ကွာဝေးပြီး တမူးနှင့် ဟုမ္မလင်းမြို့အကြားရှိ ကသည်းတပ်စခန်း (UNLF)ကိုလည်း နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းမှာ ဝင်ရောက် သိမ်းပိုက်နိုင်ကြောင်း သိရသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူပေးမှုများကြောင့် အရပ်သားနေအိမ် ပျက်စီးမှုများလည်းရှိခဲ့ကာ စစ်ကောင်စီတပ်သားတစ်ဦးကိုလည်း တိုက်ပွဲအတွင်း ဖမ်းဆီးရမိကြောင်း နှင့် သိမ်းဆည်းရမိသည့် လက်နက်များအား ကုန်တင်ကားသုံးစီးဖြင့် သယ်ယူခဲ့ရကြောင်း KNA ကဆိုသည်။

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သနန်ရွာအပါအဝင် ၊ဖိုင်လင်း၊ စေတီ ၊စိုးသာယာ ၊မှန်တောနှင့်မြို့သစ်တို့မှ  ဒေသခံ ၃၀၀၀ ကျော်သည် ဘေးလွတ်ရာကို တိမ်းရှောင်နေရကြောင်း သိရသည်။