တပ်သား ၇၀၀ နီးပါး သေဆုံးခဲ့သည့် စစ်သင်္ဘော သုံးစင်းတိုက်ခိုက်ခံရမှုသည် ကျောက်တော်မြို့အထွက် ကစ္ဆပနဒီမြစ်အတွင်း ဒုတိယမြစ်ကျဉ်းနေရာတွင် ဖြစ်ပွားခဲ့ခြင်းဟုဆို

Author လင်းနွေဦး
Categories
Published on Feb 11, 2024

ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်သားများ ၇၀၀ နီးပါးအထိ သေဆုံးခဲ့သော စစ်သင်္ဘော သုံးစင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်သည် ကျောက်တော်မြို့အထွက် ကစ္ဆပနဒီမြစ်အတွင်း ဒုတိယမြစ်ကျဉ်းနေရာ တစ်ခုဖြစ်သည့် ဒုက္ကန်ချောင်းကျေးရွာ အနီးတွင် ရက္ခိုင့်တပ်တော် (AA) မှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CJ Platform ၏ ရခိုင်စစ်ရေးသိရှိသူ သတင်းရင်းမြစ်ထံမှ သိရသည်။

 

ဇန်နဝါရီ ၃၀ ရက်နေ့တွင် ရက္ခိုင့်တပ်တော်၏ တိုက်ခိုက်မှုကြောင့် တပ်ဆုတ်ပြေးလာရသည့် စကခ (၉) လက်အောက်ခံ ကျောက်တော် အခြေစိုက် ခမရ(၃၇၄)၊ ခမရ(၃၈၀) တို့မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို သွားရောက်ကြိုဆိုသည့် စစ်သင်္ဘောသုံးစင်းအား အထက်ပါ နေရာတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CJ Platform ၏ ရခိုင်စစ်ရေးသိရှိသူ သတင်းရင်းမြစ်ထံမှ ရရှိထားသည့် သတင်းအချက်အလက်များနှင့် CJ Platform ၏ Open Source Tools(OST) နည်းပညာများအသုံးပြုကာ ဂြိုလ်တုမြေပုံများဖြင့် စိစစ်အတည်ပြုချက်များအရ ကနဦး အတည်ပြုနိုင်ခဲ့သည်။

 

“ဒုတိယမြစ်ကျဉ်းနားမှာ တိုက်ပွဲဖြစ်တာ၊ လက်နက်ချဖို့ ပြောတာကို စစ်သင်္ဘောတွေပေါ်ကနေ ခံပစ်လို့ ရက္ခိုင့်တပ်တော်က သုံးစင်းလုံးကို နစ်မြုပ်အောင် တိုက်တာ၊ စစ်သင်္ဘောနဲ့ စစ်ကောင်စီအထိုင်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်လို့ အနီးက ကျေးရွာတွေက နေအိမ်တွေ မီးလောင်ကျွမ်းခဲ့သေးတယ်” ဟု CJ Platform ၏ ရခိုင်စစ်ရေးသိရှိသူ သတင်းရင်းမြစ် က ပြောသည်။

 

ရက္ခိုင့်တပ်တော်မှ စစ်သင်္ဘောသုံးစင်းအား တိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အား 3 Brotherhood Alliance ထုတ်ပြန်ရာတွင် တိုက်ပွဲဖြစ်ပွားသည့် နေ့ရက်အား ဖေဖေါ်ဝါရီ ၇ ရက်နေ့နှင့် ၈ ရက်နေ့တွင်ဟု ဖော်ပြထားခဲ့သည်။

 

CJ Platform ၏ ရခိုင်စစ်ရေးသိရှိသူ သတင်းရင်းမြစ်၏ သတင်းပေးပို့ချက်အား CJ Platform မှ ဂြိုလ်တုမြေပုံများနှင့် တိုက်ဆိုင်စစ်ဆေးရာတွင် ကိုဩဒိနိတ်အမှတ် ( 20.705876, 93.013768 ) တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကောက်ချက်ချနိုင်ခဲ့သည်။

 

ယင်းတိုက်ပွဲဖြစ်ပွားသည့် နေရာအနီးတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ နေအိမ်အချို့ မီးလောင်မှုများရှိခဲ့သည်ဟု သတင်းပေးပို့မှုအရ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာ ( 20.705876, 93.013768 ) ကိုဩဒိနိတ်အမှတ်အား မီးလောင်မှုဖြစ်စဉ်များကို စစ်ဆေးနိုင်သည့် NASA Firms ဂြိုလ်တုသုံးနည်းပညာဖြင့် တိုက်ဆိုင် စစ်ဆေးရာတွင် ဖေဖေါ်ဝါရီ ၈ရက်နေ့များနှင့် ၉ ရက်နေ့များတွင် တိုက်ပွဲဖြစ်သွားသည်ဟု ယူဆရသည့် နေရာအနီးရှိ ကျေးရွာအချို့တွင် နေရာ (၆)ခုထက်မနည်း မီးလောင်ကျွမ်းမှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသည်။

 

စစ်ကောင်စီ ရေတပ် ဖွဲ့စည်းပုံ အခြေစိုက် စခန်းများပြ စာရင်းတွင်လည်း ရခိုင်ပြည်အတွင်း ဓညဝတီ(ရခိုင်) ဒေသ၌ ရေတပ်ဌာနချုပ် (စစ်တွေ)၊ ကျောက်ဖြူ ရေတပ်စခန်း၊ သံတွဲရေတပ် စခန်းနှင့် အမှတ် (၇၁) ရေငုပ်သင်္ဘော အခြေစိုက်စခန်းဟူ၍ စခန်း လေးခုရှိရာ ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်နေ့တွင် ရက္ခိုင့်တပ်တော်၏ တိုက်ခိုက်မှုကြောင့် တပ်ဆုတ်ပြေးလာရသည့် စကခ (၉) လက်အောက်ခံ ကျောက်တော် အခြေစိုက် ခမရ(၃၇၄) နှင့် မင်းပြားအခြေစိုက် ခမရ(၃၈၀) တို့မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို သွားရောက်ကြိုဆိုသည့် စစ်သင်္ဘော မှာ အနီးဆုံးဒေသဖြစ်သည့် စစ်တွေ ရေတပ်ဌာနချုပ် သို့ ပြန်လည်စုန်ဆင်းချိန်တွင် တိုက်ခိုက်ခံရသည် ယူဆနိုင်သည်။

ရက္ခိုင့်တပ်တော်မှ ဆီးကြိုတိုက်ခိုက်ခဲ့သည့် မြစ်ကျဉ်းနေရာသည် ဂြိုလ်တုမြေပုံများမှတဆင့် စိစစ်ချက်အရ ကျောက်တော်မြို့မှ စစ်တွေရေတပ်ဌာနချုပ်အကြား ကစ္ဆပနဒီမြစ်အတွင်း မြေမျက်နှာသွင်ပြင်အရ ဆီးကြိုတိုက်ခိုက်ရန် ဒုတိယအား အကောင်းဆုံးနေရာတစ်ခုဖြစ်သည်ကို တွေ့ရှိရသည်။ မြေမျက်နှာသွင်ပြင်အရ ဆီးကြိုတိုက်ခိုက်ရန် ပထမအားအကောင်းဆုံးနေရာ မြစ်ကျဉ်းမှာ စစ်ကောင်စီအထိုင်စခန်းများနှင့် အနီးကပ်တွင် တည်ရှိနေပြီး အနီးတွင် လူနေကျေးရွာများထူထပ်စွာ တည်ရှိနေသည်ကို တွေ့ရှိသည်။

 

“စကခ(၉)က တပ်ဆုတ်တာကို သွားခေါ်တာ မြစ်ကြောင်းကျဉ်းပြီး ရေတိမ်တဲ့နေရာလည်း ရောက်ရော အပေါ်ကနေ ပစ်ချတာ၊ အပစ်ခံရတဲ့ သင်္ဘောကို နောက်တစ်စင်းက သွားကယ်တာကို အပေါ်ကနေ Drop ဗုံးတွေနဲ့ ဆော်ချလိုက်တာ အကုန်သေတယ်”ဟု CJ Platform ၏ ရခိုင်စစ်ရေးသိရှိသူ သတင်းရင်းမြစ်မှ ပြောကြားထားသည်။

 

ဖြစ်စဉ်အတွင်း ကြည်းတပ်မှ ဗိုလ်မှူးအဆင့်(၁၂)ဦး၊ ရေတပ်မှ ဗိုလ်မှူးအဆင့် (၂)ဦးနှင့် ဗိုလ်ကြီး (၂) ဦး အပါအဝင် CJ Platform မှ ကနဦး လက်ခံရရှိထားသော စာရင်းအရ စစ်ကောင်စီဘက်မှ  (၆၈၇)ဦး ထိ သေဆုံးခဲ့ကြောင်း သိရသည်။

 

ရက္ခိုင့်တပ်တော်သည် စစ်ရေးသတင်းများနှင့် ပတ်သက်၍မူ သိုသိပ်စွာ လုပ်ဆောင်လေ့ရှိပြီး 3 Brotherhood Alliance မှ ဖေဖေါ်ဝါရီ ၃ ရက်နေ့ သတင်းထုတ်ပြန်ချက်တစ်ခုတွင် ပစ်ချခံထားရသည်ဟု ယူဆနိုင်သော စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီးနှင့်အတူ ရက္ခိုင့်တပ်တော်မှ တပ်ဖွဲ့ဝင်များ ယှဉ်တွဲကာ ရိုက်ကူးထားသည့် သတင်းဓာတ်ပုံတစ်ခုအား ထုတ်ဖော်ပြသခဲ့သော်လည်း ရက္ခိုင့်တပ်တော်ကမူ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့် သတင်းအချက်အလက်ကိုမျှ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

 

စစ်ကောင်စီ၏ စစ်သင်္ဘောများအား ဖျက်ဆီးနိုင်ခဲ့သည့် ဖြစ်စဉ်ကိုလည်း ရက္ခိုင့်တပ်တော်မှ သီးသန့်ထုတ်ပြန်ထားခြင်း မရှိဘဲ 3 Brotherhood Alliance မှ ဖေဖေါ်ဝါရီ ၈ရက်နေ့ ည ၁၁နာရီ ၅၀မိနစ်တွင် “စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပူးပေါင်း ခုခံစစ်ကို ရက္ခိုင့်တပ်တော်မှ ချေမှုန်းနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ (၇/၈) ရက်များတွင် စစ်ကောင်စီ၏ ရေတပ်ကို ရက္ခိုင့်တပ်တော်မှ တန်ပြန်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ မြစ်အတွင်းမှ တိုက်ခိုက်ရေးစစ်သင်္ဘော (၃) စင်းကို နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့သည်”၊ “လက်နက်ချအညံ့ခံရန် ပြောထားသော်လည်း နားထောင်ခြင်းမရှိသည့် စစ်သင်္ဘောများပေါ်မှ ထွက်ပြေးနေသော ရန်သူများကိုလည်း မြစ်ကြောင်းအတွင်း တစ်ယောက်မကျန် လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိသည်။” ဟု ထုတ်ပြန်ထားသည်။

 

၂၀၂၄ ခုနှစ် အတွင်း ရက္ခိုင့်တပ်​တော် (AA)မှ စစ်ကောင်စီ၏ စစ်သင်္ဘော ခုနစ်စင်းခန့်ကို သွားလာ၍ မရအောင်နှင့် မြစ်တွင်းရေချ၍ မရနိုင်အောင် တိုက်ခိုက်နိုင်ခဲ့သည်ဟု မကြာသေးမီ ရက်ပိုင်းမှ ထုတ်ပြန်ကြေညာခဲ့အပြီး တွင် ယခုကဲ့သို့ စစ်သင်္ဘော ၃ စင်းအား နစ်မြုပ်အောင် ထပ်မံဖျက်ဆီး တိုက်ခိုက်နိုင်ခြင်းလည်း ဖြစ်သည်။