တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၁၄ ဦး တိုက်ပွဲကျပြီးနောက် တပ်မ(၂၂) စစ်ကြောင်းမှ တပ်သား ၂၀ ကျော် လက်နက်ချ အညံ့ခံ

Author လင်းနွေဦး
Categories
Published on Nov 14, 2023

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် နိုဝင်ဘာ (၁၃)ရက်နေ့က စစ်ကောင်စီ တပ်မ ၂၂ စစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကြားက တိုက်ပွဲအတွင်း တပ်ရင်းမှူး တိုက်ပွဲကျပြီးနောက် တပ်သား ၂၃ ဦးလက်နက်ချ အညံ့ခံခဲ့ကြောင်း အမျိုးသားညီညွှတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန (MoD)မှ ထုတ်ပြန်သည်။

 

ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော တပ်မ (၂၂) လက်အောက်ခံ အင်အား (၅၀)ခန့်ပါ စစ်််််််ကြောင်းနှင့် ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့ များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်ရင်းမှူး နှင့် အရာရှိ (၁) ဦးအပါအဝင် (၁၄)ဦး သေဆုံး၍ (၅) ဦး အရှင်ဖမ်းမိပြီးနောက် လက်အောက်ခံ တပ်သား(၂၃)ဦးမှာ လက်နက်ချအညံ့ခံခဲ့ခြင်း ဖြစ်ကြောင်း MoD ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

အဆိုပါစစ်ကြောင်းမှ ကျန်အရာရှိ (၁)ဦးအပါအဝင် (၈) ဦးမှာ တိုက်ပွဲပြီးနောက် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း MoD က ဆိုသည်။

 

ယခုတိုက်ပွဲ မတိုင်မီ နိုဝင်ဘာ(၁၂)ရက် ညနေပိုင်း၌ ချောင်းနှစ်ခွ ရဲကင်းစခန်းနှင့် အတ္တရံ တံတား (ချောင်းနှစ်ခွ)တို့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နှင့် ဂဠန်စစ်ကြောင်းတို့မှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

ယခုအခါ နွေဦးတော်လှန်ရေး၏ စစ်ရေးလှိုင်းများသည် အောက်တိုဘာ ၂၇ တွင် စတင်ခဲ့သော ညီနောင်(၃)ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” လှိုင်းနှင့်အတူ ပိုမိုအားကောင်းလာပြီး မြို့သိမ်းစစ်ဆင်ရေးများ ဖော်ဆောင်နိုင်သည်အထိ အင်အင်းတောင့်တင်းလာပြီး နိုင်ငံတစ်ဝှမ်း စစ်အာဏာရှင်ချုပ်ငြိမ်းရေးတိုက်ပွဲများ အထွဋ်အထိပ်သို့ရောက်ရှိလာပြီဖြစ်သည်။