တပ်မ ၄၄ ဗျူဟာမှူး ၀င်းမင်းဦးကို စနိုက်ပါဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကော်ဘရာထုတ်ပြန်

Author လင်းခိုင်
Categories
Published on Oct 19, 2022

တပ်မ (၄၄) ဗျူဟာမှူး ဗိုလ်မှူးကြီး ၀င်းမင်းဦး၊ DSA အပတ်စဉ် (၄၂)ကို စနိုက်ပါဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ထုတ်ပြန်ထားသည်။

ယနေ့တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ကော်ဘရာ လက်ဖြောင့်စစ်သည်များ၏ လက်ချက်ဖြင့် တပ်မ ၄၄ ဗျူဟာမှူး ဗိုလ်မှူးကြီး ၀င်းမင်းဦး သေဆုံးခဲ့သည်ကို စစ်မြေပြင် သတင်းအတည်ပြုချက်ရရှိခဲ့သည်ဟု ဆိုသည်။

KNU တပ်မဟာ (၆) အတွင်းရှိ လူခို့ ညောင်ချောင်း နေရာသို့ ကျူးကျော်ရောက်ရှိနေသည့် စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ နည်းဗျူဟာ ၄၄၁၏ တိုက်ခိုက်ရေး တပ်ရင်းဖြစ်သည့် ခမရ ၁၀၂၊ ခလရ ၈၊ ခလရ ၂၀၇ တို့အား KNLA တပ်ရင်း ၂၇ ကော်ဘရာစစ်ကြောင်းနှင့် Federal Wings Drone အဖွဲ့မှ နံနက် ၉နာရီခွဲမှ စတင်ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တစ်နေ့လုံးနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျော်ဝါးဘိုး ဘုရားအနီးရှိ စစ်ကောင်စီ အခြေစိုက်ထားသော စခန်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့်လည်းကောင်း၊ ဆုံဆည်းမြိုင်ကုန်းတွင် အခြေစိုက်ထားသည့် စခန်းမှ ၁၂၀ မမ လက်နက်ကြီးများ၊ အတွဲလိုက်ပစ်ဒုံး လေးလုံးတွဲဖြင့် ၄ကြိမ်ဆက်တိုက် ပစ်ကူပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကော်ဘရာပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ၄ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး၊ စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်သော်လည်း ပူးပေါင်းတပ်ဖွဲ့မှ တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ပူးပေါင်းတပ်ဖွဲ့သည် ယနေ့ ညနေ ၅နာရီ၌ လေးကေ့ကော်မြို့သစ်အနီး စွယ်တော် အမြှောက်ကုန်းရှိ အကြမ်းဖက်စစ်ကောင်စီကို စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးခဲ့ကြောင်းလည်းသိရသည်။